"မိုးမောက်"

မိုးမောက်မြို့နယ်သည် ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၅၃ စု၊ ကျေးရွာပေါင်း ၂၇၃ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၈၅၇၇၂ ကျော် နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၅.၃၃ စတုရန်းမိုင်ရှိပါသည်။ မိုးမောက်မြို့နယ်၏အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင်နှင့်နယ်နိမိတ်ချင်း(၆၀)မိုင် ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရှိ မံစီမြို့နယ်တို့နှင့်ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ကချင်ပြည်နယ်ရှိ ဗန်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့ နယ်တို့နှင့်ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင်ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ရှိ ဝိုင်းမော်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

မိုးမောက်မြို့နယ်၏ အရှေ့ဘက်ခြမ်းတွင် တောင်ကုန်းတောင်တန်း များသည် မြောက်မှတောင်သို့ သွယ်တန်းလျှက်ရှိပြီး အနောက်ဘက်ခြမ်း တွင် မြေနိမ့်လွင်ပြင်ရှိပါသည်။ မြစ်ချောင်းများပေါများသည့် ဒေသတစ်ခု ဖြစ်ပြီး မြစ်ချောင်းများသည် တောင်မှမြောက်သို့ စီးဆင်းလျက်ရှိပါသည်။ ထင်ရှားသောမြစ်မှာ . တာပိန်မြစ်ဖြစ်ပြီး မြို့သစ်ကျေးရွာအနီးမှဖြတ်၍ အရှေ့မှ အနောက်သို့စီးဆင်းပါသည်။ ဒေသတွင်းရှိ တာပိန်မြစ်မှာ ထူးခြား စွာ အရှေ့မှအနောက်သို့ စီးဆင်း၍ ဧရာ၀တီမြစ်သို့စီးဝင်ပါသည်။ တာပိန် မြစ်၊ မိုးလဲချောင်း၊ နန့်ကျရီချောင်း၊ နမ့်ဖခချောင်းအတွင်းရှိ ရေအရင်း အမြစ်အများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်ပါသည်။ တာပိန်မြစ်မှာနွေရာသီတွင်ရေအနက် ၁၂ ပေခန့်သာ ရှိ၍ စက်လှေများ သွားလာနိုင်ပါသည်။

မိုးမောက်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ အမြင့်(၄၀၀)ပေအထက်တွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ စိန်လုံတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် ၆၀၅၂ ပေဖြစ်၍ မြို့နယ်၏ အနိမ့်ဆုံး အရပ်ဒေသမှာ မိုးမောက်မြို့ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

မိုးမောက်မြို့နယ် ဖြစ်ပေါ်လာပုံကို လေ့လာရာတွင်အောက်ပါ အတိုင်း(၃)ပိုင်းရှိခဲ့ကြောင်း သိရှိရပါသည် -

(က) ဖြစ်စဉ်(၁)

ဗန်းမော်ဒေသတွင် စမ္ပါနဂိုမင်းတိုင်းပြည်အုပ်စိုး နန်းစံစဉ်သားတော်ကြီးစိတ္တရာဇာနှင့် ညီတော်ဂုတ္တရာဇာ ဟူသောသားတော်(၂)ပါးရှိခဲ့ပါကြောင်း၊ ခမည်းတော် နတ် ရွာစံပြီးနောက် နောင်တော်စိတ္တရာဇာကဖခင်အရိုက်အရာ ကို ဆက်ခံခဲ့ကြောင်း၊ ညီတော်ဂုတ္တရာဇာသည် တစ်ထီး တစ်နန်းတည်းတည်ဆောက်၍ ယခုမိုးမောက်တောင် ဘက်(၂)မိုင်ခန့်နေရာတွင် မြို့တည်ဆောက်ပြီး စမ္ပါနဂို တိုင်းပြည်ကို တိုက်ခိုက်နိုင်ရန် လူသူ လက်နက်စုဆောင်း ပြီး ပြည့်စုံသောအခါ ယခုမိုးမောက်တည်ရာ ကုန်းမြင့် ရွာမှ ဆက်သားစေလွှတ်၍ စစ်ယှဉ်ပြိုင်ရန်နောင်တော် စိတ္တရာဇာထံသို့ အကြောင်းကြားခဲ့သဖြင့်၎င်းဆက်သား နေထိုင်သည့် မိုးမောက်မြို့အား ရှမ်းဘာသာစကားဖြင့် (မန့်မောက်)ရွာ မြန်မာဘာသာဖြင့် (သတင်းပေးပို့သည့် ရွာ) ဟုခေါ်ဝေါ်ခဲ့ပါသည်။

(ခ) ဖြစ်စဉ်(၂)

ခရစ်သက္ကရာဇ် ၁၇၆၅ခု၊ တတိယဆင်ဖြူရှင်မင်း လက်ထက်ဗန်းမော်မြို့ဝန်သည် ကုန်ကူးသန်းရောင်း၀ယ် ရန်လာသည့် တရုတ်ကုန်သည်များအား ဗန်းမော်မြို့သို့ တိုက်ရိုက်ဝင်ခွင့်မပြုဘဲ ယခုမိုးမောက်တည်ရာ ရွာငယ် ရှမ်းဘာသာဖြင့် (ပန်ကော်စခန်း) မြန်မာဘာသာဖြင့်(သစ် အယ်ပင်စခန်း)မှ တစ်ထောက်နားရန် သတင်းပို့စေ ခြင်းကြောင့်၎င်းသစ်အယ်ပင်စခန်းကို (မန့်မောက်ရွာ) (သတင်းပေးပို့သည့်ရွာ)ဟု ခေါ်ဝေါ်ခဲ့ကြောင်း၊ ရွာ၏ အရှေ့ဘက်တွင် ချောင်းတစ်ခုစီးဆင်းပြီး ရွာသားများ လယ်ယာစိုက်ခင်း လုပ်ကိုင်ကြရာတွင် ၎င်းချောင်းမှရေကို ဝါးရေတလျှောက်ဖြင့်သွယ်ယူပြီး နမ့်မောက်ချောင်းဟု ခေါ်ဝေါ်ခဲ့ကြောင်း၊ နမ့်မောက်ချောင်းနှင့် သတင်းပေးပို့ သည့်ရွာ (မန့်မောက်)ကို အစွဲပြု၍ မန့်မိန်မောက်ကို မိုးမောက်ဟု ခေါ်ဆိုခဲ့ရာမှ ယနေ့တိုင် မိုးမောက်ဟု ခေါ်ဝေါ်ခဲ့ကြောင်း သိရှိရပါသည်။

(ဂ) ဖြစ်စဉ်(၃)

မိုးမောက်မြို့သည် ယခင်ဗန်းမော်ခရိုင်၊ဗန်းမော်မြို့၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ကြောင်း၊ စိန်လုံကို ၁၉၀၃ ခုနှစ်တွင် တောင်တန်းမြို့အဖြစ်သတ်မှတ်၍ (၁၄.၆.၁၉၄၇) ခုနှစ်အထိ အင်္ဂလိပ်လူမျိုး မစ္စတာရေး၊ မစ္စတာပေါ်တာ၊ မစ္စတာဒေးဝါး၊ မစ္စတာစလော့ချ်၊ မစ္စတာကင်း၊ မစ္စတာစကီဗင်စသည့် တောင်တန်း၀န်ထောက် ၆ ဦး အစဉ်အဆက် တာ၀န်ထမ်းဆောင်ခဲ့ကြောင်း၊ ၎င်းနောက်ပိုင်း (၃၀.၉.၁၉၆၅) ရက်နေ့အထိ တိုင်းရင်းသား တောင်တန်း ၀န်ထောက်(၁၃)ဦး အထိစိန်လုံတောင်တန်းမြို့တွင်တာ၀န် ထမ်းဆောင်ခဲ့ကြောင်း၊ (၂.၃.. ၁၉၆၂)မှစ၍ တော်လှန်ရေးကောင်စီ ပေါ်ပေါက် ခဲ့ရာ စိန်လုံမြို့အား တောင်တန်းမြို့အဖြစ် ဆက်လက် တည်ရှိစေရန် ရည်ရွယ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ကေအိုင်အေ သောင်းကျန်းသူ များရန်ကြောင့် နယ်မြေမအေးချမ်းခြင်း၊ စီးပွားရေးအချက်အချာမကျခြင်း တို့ကြောင့်(၁.၁၀.၁၉၆၅) ရက်နေ့တွင် စိန်လုံတောင်တန်း ၀န်ထောက်ရုံးအား မိုးမောက်မြို့သို့ ပြောင်းရွေ့ ပြီးဖွင့်လှစ် စေခဲ့ကာ အင်းဆွယ်ကန်နောက် မိုးမောက်မြို့တည်ဟူ၍ မိုးမောက်ရွာအား မိုးမောက်မြို့ဟု သတ်မှတ်ခေါ်ဆိုခဲ့ကြပြီး ပြည်ထဲရေးနှင့် သာသနာရေး၀န်ကြီးဌာန၏ (၂၇.၇.၁၉၇၂) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ (၉၅၃) ဖြင့် မြို့အဖြစ် သတ်မှတ်ပေးခဲ့ပါ သည်။

Attractions in မိုးမောက်