"ငဖဲ"

ငဖဲမြို့နယ်သည် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၃၁ စု၊ ကျေးရွာပေါင်း ၇၈ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၅၂၆၁၆ ကျော် နေထိုင်ပါသည်။ မြို့နယ်သည်  အရှေ့မှအနောက်သို့ ၂၁.၀၅ မိုင်နှင့် တောင်မှမြောက်သို့ ၂၄.၀၅ မိုင် ရှည်လျားပါသည်။ အရှေ့ဘက်တွင် မင်းဘူး(စကု)မြို့နယ်၊ အနောက်ဘက်တွင် အမ်းမြို့နယ်(ရခိုင်ပြည်နယ်)၊ တောင်ဘက်တွင် မင်းလှမြို့နယ်(သရက်ခရိုင်) နှင့် မြောက်ဘက်တွင် စေတုတ္တရာမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပါသည်။ ငဖဲမြို့နယ်သည် တောင်ကုန်းတောင်တန်းပေါများသော မြို့နယ် ဖြစ်ပြီး မြို့နယ်အနောက်ဘက်ခြမ်းသည် ရခိုင်ရိုးမနှင့် ဆက်စပ်လျှက် ရှိသည်။ တောင်စွယ်တောင်တန်းများသည် အရှေ့ဘက်သို့ ဆင်ခြေလျောအဖြစ် တည်ရှိပါသည်။ ထင်ရှားသောတောင်တန်းများမှာ အမြင့်ပေ ၃၉၁၁ ရှိ ငှက်ပျောတောင်၊ ၄၉၃၅ ပေရှိ ရေယဉ်တောင်၊ ၅၂၀၈ ပေမြင့်သော နတ်ရေကန်တောင်၊ ၅၆ဝ၄ ပေမြင့်သော ပေါက်စတောင်၊ ၄၈၈၅ ပေ မြင့်သော ဂုတ်စည်းရိုးတောင်၊ ၃၇၈၁ ပေမြင့်သော ဆားပေါက်တောင်၊ ၃၅၁၁ ပေမြင့်သော လေသာတောင်နှင့် ၄၄၄၇ ပေမြင့်သော ကြက်မောက် တောင်တို့ တည်ရှိပါသည်။

ငဖဲမြို့နယ်သည် ချောင်းပေါများသော ဒေသဖြစ်ပြီး ငဖဲမန်းချောင်း သည် အနောက်မှအရှေ့သို့ လည်းကောင်း၊ ပန်းတိမ်းမန်းချောင်းသည် တောင်မှမြောက်သို့လည်းကောင်းစီးဆင်းပြီး မြို့နယ်အတွင်း ပေါင်းဆုံ၍ မန်းရွှေစက်တော် ဘုရားမှဖြတ်သန်းပြီး မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ အနီးမှတဆင့် ဧရာ၀တီမြစ်ထဲသို့ စီးဝင်ပေါင်းဆုံပါသည်။

ဒေသသမိုင်းအကျဉ်း

ငဖဲမြို့ဖြစ်ပေါ်လာပုံ ရှေးရိုးစကားများရှိခဲ့ပြီး အနုသာဝကကထာအရ အရှင်ရေဝရသည် ရေကိုတားမြစ်သဖြင့် မန်းဖယ်၍ သွားသောနေရာတွင် မြို့တည်ထားကြောင်းဖော်ပြထားသည်။ ရှေးအခါက မန်းဖယ်မြို့ဟု ခေါ်ဆိုရာမှတဆင့် မဖဲမြို့၊ မဖဲမြို့မှ ငဖဲမြို့ အဖြစ် အဆင့်ဆင့်တွင်လာသည်ဟု ဆိုကြသည်။ စကုမြို့နယ်အတွင်းရှိ ရွှေစက်တော်စေတီသို့ လှူဒါန်းသော ပန်းများနှင့်အမှိုက်သရိုက်များအား မန်းချောင်းအတွင်းမှ ဖယ်ရှားရှင်းလင်းရန် မြို့ရွာတည်စေ၏။ မြို့သူ/မြို့သားများအား တာဝန်ပေးအပ်သည်ကို အစွဲပြု၍ ပန်းဖယ်မြို့ဟုခေါ်ဆိုရာမှ ငဖဲမြို့ဟူသောအမည်ကို ကူးပြောင်း လာခြင်းဖြစ်သည်ဟုလည်း အဆိုရှိခဲ့ပြန်သည်။ ရခိုင်ရိုးမတောင်တန်း ပေါ်က စီးဆင်းလာသော နဒ္ဒါ(ခေါ်)မန်းချောင်းသည် မူလငဖဲမြို့ဟောင်း တည်နေရာတွင်ရေတိုက်စား၍ မြို့တည်နေရာကို မန်းချောင်းနံဘေးမှ ရွေ့ပြောင်းခဲ့ရသည်။ ဤသည်ကိုအစွဲပြု၍ မန်းဖယ်မြို့မှ ငဖဲမြို့ဟုလည်း ဆိုကြသည်။ ရှေးရိုးစကားအရ “အောင်ကျော်လီ မဖဲတည်” ဟူ၍ သက္ကရာဇ် ၄၂၁ တွင် ငဖဲအမည်ဖြင့် မြို့တည်သည်ဟု ယူဆရသည်။ သက္ကရာဇ် ၁၁၅၅ ခုနှစ်၊ ပန်းထိမ်းမြို့စား သတိုးမင်းကျော်သူ လက်ထက်တွင် ပန်းထိမ်းမြို့ စစ်တမ်းပေစာတပိုဒ်တွင် “ပုဂံမင်း၊အနော်ရထာမင်းစော လက်ထက်တော် မြန်မာအပေါင်းကို သိမ်းပျူအ၀င် ပန်းထိမ်း၊ မဖဲမြို့ရွာ တည်မင်းအဆက်ဆက် မင်းညီ၊မင်းသား၊ မှူးမတ်တို့သည် ထီးလှိုင်ရှင် ကျန်စစ်သားလက်ထက် မြေးတော်ကို နန်းလွှဲပြီးမှ ကျောင်းဖြူ သံဃာရာမတူ၊ သမ္ဘူလမိဖုရား သားတော်ကို လက်စွဲ၍ နန်းတော်ကို အရောက်လာခဲ့သောကြောင့် မြေးကား အရင်းသားက အဖျားဖြစ်သည်”ဟု ဆိုတော်မှု၍ သီရိခေတ္တရာရာဇ် အမည်ဖြင့် ပန်းထိမ်း၊ ငဖဲ စကုမြို့သစ်၊ တိုင်းတား စသော ခရိုင်ကိုအပိုင်စားပေး၍ သိမ်းစံစီရင်သည်ဟု ပါရှိ ပါသည်။ ဤစာပေအထောက်အထားအရ ငဖဲ-ပန်းထိမ်း အမည်ဖြင့် မြို့ရွာတည်နေသည်ဟု တွက်ချက်ခန့်မှန်းရမည် ဖြစ်ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေး၀န်ကြီးဌာန၏ ၃၀-၆-၁၉၇၂ ရက်စွဲပါစာအမှတ်၊ ၁၀၃/၉/ စိတ်(၁) ဖြင့် မြို့နယ်အဖြစ် သတ်မှတ်ခဲ့သည်။

Attractions in ငဖဲ