"မင်းတပ်"

မင်းတပ်မြို့ကို ချင်းရေးရာဝန်ကြီး၏ ၁၉၆၁ ခုနှစ်၊ မေလ ၂၀ ရက်နေ့စွဲပါ စာအရ မင်းတပ်မြို့အဖြစ် သတ်မှတ်ခဲ့ပါသည်။ မင်းတပ်မြို့နယ်တွင် ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၄၅ စု၊ ကျေးရွာပေါင်း ၁၉၉ ရွာပါဝင်ပြီး လူဦးရေပေါင်း ၄၇၀၀၀ ကျော် နေထိုင်ပါသည်။ မင်းတပ်မြို့သည် အရှေ့မှအနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက်သို့ ၃၇ မိုင် ရှည်လျားပြီး မင်းတပ်မြို့နယ်သည် ၁၂၁၉.၈၆ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ မင်းတပ်မြို့နယ်၏ အရှေ့ဘက်တွင် ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်၊ အနောက်ဘက်တွင် မတူပီနှင့် ပလက်ဝမြို့နယ်၊ တောင်ဘက်တွင် ကန်ပက်လက်မြို့နယ်၊ မြောက်ဘက်တွင် မတူပီမြို့နယ်တို့ တည်ရှိပါသည်။ မင်းတပ်မြို့နယ်သည် မြေပြန့်လွင်ပြင် နည်းပါး၍ တောတောင်ထူထပ်ပြီး အမြင့်ဆုံး အပိုင်းသည် ပေ ၉၀၀၀ ရှိပါသည်။ မိုးပီတောင်နှင့် မြင်းချီတောင်တို့မှာလည်း မြင့်မားသော တောင်များဖြစ်သည်။ မင်းတပ်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ၄၈၆၀ ပေ အထက်တွင် တည်ရှိပါသည်။ မင်းတပ်မြို့နယ်သည် အပူပိုင်း နွေးသမ ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၃၅.၅˚C ဖြစ်သည်။ မင်းတပ်မြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော မြို့နယ် တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး ရိုးရာဂျပ်ခုတ် လုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ မင်းတပ်မြို့နယ်မှ ပခုက္ကူနှင့် မန္တလေးမြို့တို့သို့ ကုန်းလမ်းဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဝဥနှင့် လက်ဖက်ဖြစ်ပါသည်။ မင်းတပ်မြို့နယ်ကို ရှေးအခါက မင်းတဲဟု ခေါ်ဆိုခဲ့ကြပါသည်။ အင်္ဂလိပ် အစိုးရမင်းများ ယာယီတဲစခန်းအဖြစ် တည်းခိုခဲ့သောနေရာဖြစ်၍ မင်းတဲဟု ခေါ်ဆိုရာမှ နှစ်ကာလကြာသောအခါ မင်းတဲမှ မင်းတပ်ဟု ခေါ်ဆိုလာကြကြောင်း လေ့လာသိရှိရပါသည်။

Attractions in မင်းတပ်