"ဆိပ်ဖြူ"

ဆိပ်ဖြူမြို့နယ်သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၄၂ စု၊ ကျေးရွာပေါင်း ၁၄၀ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၁၃၅၁၁ ကျော် နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှ အနောက်သို့ ၃၀ မိုင်၊ တောင်မှမြောက်သို့ ၁၆ မိုင်ရှည်လျားပါသည်။ ယောချောင်းသည် မြို့နယ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ မြို့နယ်၏ အရှေ့တောင်ဘက်နယ်နမိတ်သည် ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိပြီး ဆိပ်ဖြူမြို့တွင် သင်္ဘောဆိပ် တည်ရှိသည်။ ဆိပ်ဖြူမြို့နယ်သည် အရှေ့ဘက်တွင် ချောက်မြို့နယ်၊ အနောက်ဘက်တွင် ဆောမြို့နယ်၊ တောင်ဘက်တွင် စလင်းမြို့ နယ်နှင့် မြောက်ဘက်တွင် ပခုက္ကူမြို့နယ်၊ ပေါက်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ မြို့နယ် အနောက်ဘက်ရှိ တောင်ကုန်း တောင်တန်းများသည် ပုံတောင်ပုံညာတောင်တန်းများနှင့် ဆက်စပ်လျက်ရှိပြီး အမြင့်ဆုံးတောင်တန်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၂၈၄ ပေ ရှိပါသည်။  ဆိပ်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်သည် မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းပြီး ယောချောင်းသည် မြောက်မှတောင်သို့ စီး ဆင်းကာ ဧရာ၀တီမြစ်ထဲသို့ ပေါင်းဆုံသွားပါသည်။

ဒေသသမိုင်းအကျဉ်း

ဆိပ်ဖြူဆိုသည့် အမည်နာမပေးရခြင်းမှာ ဧရာ၀တီမြစ်နှင့် ယောချောင်းတို့ဆုံရာတွင် တည်ရှိပြီး နွေရာသီဆိပ်ကမ်းတွင် ဖြူဖြူဖွေးဖွေးသဲသောင်ခုံ များ ဖြစ်ပေါ်လေ့ရှိသဖြင့် “ဆိပ်ဖြူ”ဟု ခေါ်တွင်ခြင်းဖြစ်သည်ဟု ယူဆရပါသည်။ ပုဂံခေတ်အနော်ရထာမင်း လက်ထက် ကတည်းက ဆိပ်ဖြူရွာသည် အတည်တကျရှိခဲ့ပြီးဖြစ်ပါသည်။ ဦးဖိုးကျား ရေးသားသော မြန်မာ့ဂုဏ်ရည် စာအုပ်စာမျက်နှာ (၅၆)၌ ဆိပ်ဖြူ - ချင်တောင်တွင် ငမှန်ကန်း အကြောင်း ဖော်ပြထားရာ တည်းခိုအိပ် ပြီးသော် ထိုရွာသူကြီးမ တစ်ဦးအိမ်ဆွမ်းခံ လျှင်ဟု ပါရှိသဖြင့် ပုဂံခေတ်တွင် တည်ရှိပြီးဖြစ်ကြောင်း မှန်းဆရပါသည်။ ၁၈၈၅ ခုနှစ်တွင် ဆိပ်ဖြူမြို့ အကျယ်အ၀န်းအားလုံးကို ပခုက္ကူခရိုင် စီရင်စုအောက်တွင် သွင်းခဲ့ပြီး မြို့နယ်အဖြစ်ဖွဲ့စည်း၍ ဇီးကပ်ရွာတွင် မြို့ပိုင်ရုံး ဖွင့်လှစ်ထားရှိခဲ့ပါသည်။ ၁၈၉၆ ခုနှစ်တွင် မြို့ပိုင်ရုံးကို အောက်ဆိပ်ကျေးရွာတွင် ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၀၁ ခုနှစ်တွင် မြို့ပိုင်ရုံးအား ဆိပ်ဖြူမြို့သို့ ထပ်မံ ပြောင်းရွှေ့ခဲ့ပါသည်။ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၂၁.၇. ၇၂) ရက်စွဲပါ စာအမှတ် ၁၃၀/ ၁၀/စက်(၁)ဖြင့် ဖွဲ့စည်းခဲ့သောမြို့ဖြစ်ပါသည်။

Attractions in ဆိပ်ဖြူ