"ဝါးခယ်မ"

ဝါးခယ်မမြို့နယ်ကို ရပ်ကွက် ၁၉ ခု၊ ကျေးရွာအုပ်စု ၁၂၅ စု၊ ကျေးရွာပေါင်း ၅၈၁ ရွာဖြင့် ဖွဲ့စည်းထားပြီး မြို့နယ်အတွင်းရှိ စုစုပေါင်း လူဦးရေမှာ ၃၀၁၀၀၀ ကျော် ဖြစ်သည်။ အရှေ့မှအနောက်သို့ ၂၉.၅ မိုင်၊ တောင်မှမြောက်သို့ ၃၆.၅ မိုင် ရှည်လျားပြီး မြို့နယ်၏စုစုပေါင်း ဧရိယာမှာ ၄၅၉.၅၂၄ စတုရန်းမိုင်ဖြစ်သည်။ အရှေ့ဘက်တွင် မအူပင်နှင့် ကျိုက်လတ်မြို့နယ်၊ အနောက်ဘက်တွင် မြောင်းမြနှင့် လပွတ္တာမြို့နယ်၊ တောင်ဘက်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ မြောက်ဘက်တွင် ပန်းတနော်နှင့် အိမ်မဲမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသည်။ မြေနိမ့်လွင်ပြင်ဒေသဖြစ်သောကြောင့် မိုးရာသီတွင် ရေလွှမ်းဧရိယာများပြားသည်။ မြစ်ချောင်းများပေါများပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိကြသည်။ ဝါးခယ်မမြစ်၊ ရွှေလောင်းမြစ်၊ ရာဇူတိုင်မြစ်၊ ပြာမလော့မြစ်တို့သည် ဝါးခယ်မမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းကြသည်။ ရေအရင်းအမြစ်အများစုမှာ ရေချိုများဖြစ်သောကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်သည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ၅ ပေအမြင့်သာ ရှိသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အပူချိန်အမြင့်ဆုံးမှာ ၃၈ ဒီကရီစင်တီဂရိတ် ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော ဒေသတစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ အဓိကထွက်ကုန်မှာ ဆန်၊ စပါး၊ ပဲ၊ ငရုတ်တို့ဖြစ်သည်။ အခြားမြို့နယ်များသို့ ကုန်းလမ်း၊ ရေလမ်းဖြင့် သွားလာနိုင်သော်လည်း ထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် ရေလမ်းကိုသာ အားထားရသည်။

Attractions in ဝါးခယ်မ