"မက်မန်း"

ပြည်ထဲရေးဝန်ကြီးဌာန၏ (၁.၁.၂၀၁၃) ရက်စွဲပါ စာဖြင့် မက်မန်းမြို့နယ်၊ ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်နှင့် မန်ကန်မြို့နယ်ခွဲတို့ဖြင့် မက်မန်းခရိုင်အား ဖွဲ့စည်းခဲ့ပါသည်။ မက်မန်းမြို့နယ်သည် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် တည်ရှိပါသည်။ မက်မန်းမြို့နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၁၁၆၈.၂၃ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် မိုင်းယန်းနှင့် မိုင်းခတ်မြို့နယ်၊ တောင်ဘက်တွင် မိုင်းပျဉ်းမြို့နယ်၊ အနောက်ဘက်တွင် မိုင်းရှူးမြို့နယ်၊ မြောက်ဘက်တွင် ပန်ဆန်း (ပန်ခမ်း) မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ မက်မန်းမြို့နယ်သည် တောတောင်ထူထပ်သော ဒေသ ဖြစ်သည်။ ဝမ်စလောင်းကျေးရွာ၏ အရှေ့ဘက်ရှိ လွယ်လန်းတောင် (၇၆၁၃ပေ) မှာ အမြင့်ဆုံးတောင်ဖြစ်သည်။ မက်မန်းမြို့နယ်တွင် မြစ်ချောင်းများ နည်းပါးပြီး စီးဆင်းလျှက်ရှိသော မြစ်ချောင်းများမှာလည်း မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ သံလွင်မြစ်မှာ ထင်ရှားပြီး မြို့နယ်၏ အနောက်ဘက် နယ်နိမိတ်တစ်လျှောက် ၄၄ မိုင်ခန့် စီးဆင်းလျှက်ရှိသည်။ ထင်ရှားသည့်ချောင်းမှာ နမ့်ခချောင်းဖြစ်ပြီး မြို့နယ်၏ နယ်နိမိတ်တစ်လျှောက် ၇၄ မိုင်ခန့် စီးဆင်းလျှက်ရှိသည်။ ယင်းမြစ်ချောင်း ၂ ခုမှာ ရေချိုများဖြစ်ကြသော်လည်း စိုက်ပျိုးရေအဖြစ် အသုံးပြုနိုင်ခြင်း မရှိသေးပါ။ မက်မန်းမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၅၁၈၀ ပေ အထက်တွင် တည်ရှိသည်။ မက်မန်းမြို့နယ်သည် စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၈˚C ဖြစ်သည်။ မက်မန်းမြို့နယ်တွင် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၁၁ စု၊ ကျေးရွာပေါင်း ၉၇ ရွာပါဝင်ပြီး ၂၄၀၀၀ ကျော် နေထိုင်ပါသည်။ မက်မန်းမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နည်းပါးသော မြို့နယ်ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ မက်မန်းမြို့နယ်သည် မြို့နယ်ချင်းဆက်လမ်းသာရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော မြို့နယ်ဖြစ်သည်။

Attractions in မက်မန်း