"ဝမ်းတွင်း"

ဝမ်းတွင်းမြို့နယ်သည် ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၉ စု၊ ကျေးရွာပေါင်း ၂၁၈ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၂၃၉၃၅၁ ခန့်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၅၄၃.၅၈ စတုရန်းမိုင်ရှိပါသည်။ ဝမ်းတွင်းမြို့နယ်၏ အရှေ့ဘက်တွင် ရွာငံမြို့နယ်၊ တောင်ဘက် တွင် မိတ္ထီလာမြို့နယ်၊ သာစည်မြို့နယ်တို့နှင့် ထိစပ်လျှက်ရှိပါသည်။ အနောက်ဘက်တွင် မလှိုင်မြို့နယ်၊ မြောက်ဘက်တွင် မြစ်သားမြို့နယ်၊ နွားထိုးကြီးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျှက်ရှိပါသည်။

ဝမ်းတွင်းမြို့နယ်သည် တောင်ကုန်းတောင်တန်းများနည်းပါးပြီး အများအားဖြင့် ညီညာပြန့်ပြူးမှုရှိပါသည်။ အရှေ့ဘက်တွင် ရှမ်းကုန်းပြင်မြင့်နှင့် အနောက်ဘက်တွင် မယ်ညိုတောင်တန်းနိမ့်တို့ တောင်မြောက်သွယ်တန်းလျက်ရှိပြီး တံတိုင်းကြီးသဖွယ် ကာရံတည်ရှိပါသည်။ မြို့နယ်အတွင်းရှိ တောင်ကုန်း၊ တောင်တန်းနိမ့်များသည် တောင်မြောက်သွယ်တန်းလျက်ရှိပါသည်။ ထင်ရှားသည့်တောင်တန်းများမှာ မယ်ညိုတောင်၊ သိမ်တောင်တောင်တန်းတို့ဖြစ်ပါသည်။

ဝမ်းတွင်းမြို့နယ်သည် အမြဲစီးဆင်းနေသောချောင်း နည်းပါးသည့်ဒေသတစ်ခုဖြစ်ပြီး ချောင်းများမှာ တောင်မှမြောက်စီးဆင်းကြပါသည်။ ချောင်းများသည် မိုးရွာသည့်အချိန်မှသာ ရေဝေရေလဲ တောင်ကုန်းများမှ တောင်ကျရေများဖြင့် စီးဆင်းရသောချောင်းများ ဖြစ်ပါသည်။ ထင်ရှား သော ချောင်းများမှာစမုံချောင်း၊ သင်ပုန်းချောင်းတို့ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ပုဂံခေတ်အနော်ရထာမင်းလက်ထက်၌ သားတော်ကျန်စစ်မင်းသည် ဤအရပ်ဒေသသို့ ရောက်ရှိလာစဉ် ရှမ်းပြည်နယ်မှ ကျူးကျော်လာသည့် တောဝက်ကြီးတစ်ကောင် သောင်းကျန်းနေသဖြင့် အဆိုပါတောဝက်ကြီးအား တောနင်းရှာဖွေတိုက်ခိုက်ခဲ့ရာ ကျန်စစ်သားနှင့်ပက်ပင်းတိုးမိပြီး ကျန်စစ်သားမှ အသင့်ပါလာသော လက်သုံးတော် အရိန္ဒမာလှံဖြင့်ပစ်ခွင်းခဲ့ရာ တောဝက်ကြီး ဝမ်းဗိုက်ကို ထုတ်ချင်းပေါက်ပြီး နေရာမှာပင်လဲကျသေဆုံးခဲ့ပါသည်။ တောဝက်ကြီး လဲကျသေဆုံးခဲ့သည့်နေရာတွင် ဝမ်းဗိုက်အားလှံဖြင့် ထိုးသွင်းခဲ့သည့် အထိမ်းအမှတ်အဖြစ် “ဝမ်းထွင်း”ဟု ခေါ်တွင်စေခဲ့ရာမှ ကာလကြာမြင့်သော် “ဝမ်းထွင်း”မှ “ဝမ်းတွင်း”ဟု ပြောင်းလဲခေါ်ဝေါ် လာကြောင်းသိရှိရပြီး ဝမ်းတွင်းမြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၀-၁၁-၁၉၇၃)ရက်စွဲပါ ပြန်တမ်းအမှတ် (၄၅)ဖြင့် မြို့ နှင့်မြို့နယ်ကို အတည်ပြုဖွဲ့စည်းခဲ့ပါသည်။

Attractions in ဝမ်းတွင်း