"ရှားတော"

ရှားတောဒေသသည် တတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သည့် ကုန်းဘောင်မင်းဆက် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အယုဒ္ဓယျသို့စစ်ချီလာသည့်အခါ စစ်လမ်းကြောင်းပေါ်ရှိ စခန်းတစ်ထောက်နားရာ ဒေသတစ်ခုဖြစ်ခဲ့သည်ဟုဆိုသည်။ သမိုင်း အထောက်အထားအနေဖြင့် အလယ်ပိုင်းရပ်ကွက်တွင် အလောင်းမင်းတရားကြီးမှ စစ်အောင်နိုင်ရန် ရည်ရွယ်ဆုတောင်းပြီး တည်ထားခဲ့သည့် ဆုတောင်းပြည့်စေတီတစ်ဆူရှိပါသည်။ အင်္ဂလိပ်အုပ်စိုးစဉ်ကာလ ၁၈၉၀ ခုနှစ်ခန့် တွင် လူဦးရေနှစ်ထောင်ခန့်နေထိုင်ခဲ့ပြီး ရှမ်းကုန်သည်များဖြစ်ကြောင်း၊ ထိုစဉ်က ဘုန်းတော်ကြီး ကျောင်း ၅ ကျောင်းရှိပြီး ရှေးယခင်ကတည်းက ဗုဒ္ဓဘာသာထွန်းကားခဲ့သော နေရာတစ်ခုဖြစ် ကြောင်း၊ အများစုမှာ ကရင်နီခေါ် ကယားလူမျိုးများဖြစ်ကြောင်းလေ့လာသိရှိရပါသည်။ ရှားတောမြို့ နယ်ကို ပြည်ထဲရေးနှင့်သာသနာရေး၀န်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၂၂.၇.၁၉၇၂) ရက်စွဲပါ စာအမှတ်၊ ၁၀၅ / ၇ / စိပ် ၁ ဖြင့် အမိန့် ကြော်ငြာစာထုတ်ပြန်၍ မြောက်ပိုင်းအုပ်စု၊ တောင်ပိုင်းအုပ်စု၊ အလယ်ပိုင်းအုပ်စု၊ သံလွင် အရှေ့ခြမ်းအုပ်စု စသည့်အုပ်စု ၄ စုဖြင့်လည်းကောင်း၊ (၁၅.၇.၁၉၇၂)ရက်စွဲပါ စာအမှတ်၊ ၁၀၃ / ၅၂ / စိပ် ၁ ဖြင့် မေရိယာရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက် စသည့်ရပ်ကွက် (၄)ခုတို့ဖြင့် မြို့အဖြစ်သတ်မှတ်ပေးခဲ့ပါ သည်။ပြည်ထဲရေး၀န်ကြီးဌာန၏ (၇.၆.၂၀၁၀)ရက်စွဲပါစာအမှတ်၊ ၂၀၀/ ၂၃ - ၁၉ / ဦး ၁ ဖြင့် ရှားတောမြို့နယ်ကို အောင်ချမ်းသာရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းကျေးရွာအုပ်စု၊ အလယ်ပိုင်းကျေးရွာအုပ်စု၊ တောင်ပိုင်းကျေးရွာအုပ်စုတို့ဖြင့် ရပ်ကွက်၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃ အုပ်စု၊ ကျေးရွာ ၂၀ ရွာတို့ဖြင့် ပြောင်းလဲသတ်မှတ်ပေးခဲ့ပါသည်။

ရှားတောမြို့နယ်၏မြောက်ဘက်တွင် ရှမ်းပြည်နယ် မောက်မယ်မြို့ ၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ တောင်ဘက်တွင် မယ်စဲ့မြို့နယ်၊ အနောက်ဘက် တွင် ဘောလခဲမြို့နယ်၊ လွိုင်ကော် မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

ရှားတောမြို့နယ်သည် တောင်များပတ်လည်ဝန်းရံလျက် ဒယ်အိုးပုံသဏ္ဍာန်အနိမ့်ပိုင်းတွင် တည်ရှိပြီး တောင်တန်းများမှာ တစ်ခုနှင့် တစ်ခုဆက်စပ်လျက်ရှိပါသည်။ အရှေ့ဘက်ခြမ်းတွင် သံလွင်မြစ် စီးဆင်းလျက် ရှိပါသည်။ မြို့နယ်အကျယ်အ ၀န်း၏ ငါးပုံ သုံးပုံခန့်သည် သံလွင်မြစ် ၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပါသည်။

ရှားတောမြို့နယ်သည် မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပါသည်။ ထင်ရှားသော မြစ်ချောင်း များမှာ ပွန်ချောင်း၊ ဖဲဖုလာလဲချောင်း၊ နမ့်မဝမ်ချောင်း၊ သံလွင်မြစ်တို့ ဖြစ်ပါသည်။ ၎င်းမြစ်ချောင်းများမှ ရေကို စိုက်ပျိုးရေ၊ သောက်သုံးရေစသည်ဖြင့် အသုံးပြုပါသည်။ သံလွင်မြစ်မှာ ရာသီမရွေး စက်လှေများသွားလာနိုင်ပါသည်။

ရှားတောမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၉၃၆ ပေ တွင် တည်ရှိပါသည်။

Attractions in ရှားတော