"မိုးနဲ"

မိုးနဲမြို့နယ်ကို ရှမ်းဘာသာဖြင့် ‘မိုင်းဖိုင်း’ဟု ခေါ်တွင်လာရာမှ ကာလရွေ့လျား၍ ‘မိုင်းနိုင်း’ ‘မိုးနဲ’ ဖြစ်လာခဲ့ပါသည်။ မိုးနဲမြို့နယ်တွင် ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၁၄ စု၊ ကျေးရွာပေါင်း ၇၄ ရွာပါဝင်ပြီး လူဦးရေပေါင်း ၄၁၀၀၀ ကျော် နေထိုင်ပါသည်။ မိုးနဲမြို့နယ်သည် အရှေ့မှအနောက်သို့ ၅၈ မိုင်၊ တောင်မှမြောက်သို့ ၂၂ မိုင် ရှည်လျားပြီး ၁၂၄၅.၄၃ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃၁၇၉ ပေ အထက်တွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် မိုင်းပျဉ်းမြို့နယ်၊ တောင်ဘက်တွင် လင်းခေးမြို့နယ်၊ အနောက်ဘက်တွင် မောက်မယ်မြို့နယ်၊ မြောက်ဘက်တွင် နမ့်စန်မြို့နယ်၊ ကွန်ဟိန်းမြို့နယ်တို့ တည်ရှိပါသည်။ မိုးနဲမြို့အဝင်ကားလမ်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ ကြာဖူးပုံ အုတ်တိုင်နှစ်ခုမှာ မိုးနဲမြို့၏ ထင်ရှားသော လက္ခဏာတစ်ရပ်ဖြစ်သည်။ မိုးနဲမြို့ကို သုံးကြိမ် တည်ခဲ့သည်ဟု မြို့သမိုင်းမှတ် တမ်းများတွင်ရေးသားခဲ့ကြရာ ပထမမိုးနဲကို လက်ရှိမိုးနဲ ၏အရှေ့မြောက် ဘက် ၁၈ မိုင်၊ ဒုတိယမိုးနဲကို အရှေ့ဘက် လေးမိုင် တွင်တည်ခဲ့သည်ဟု ဆိုကြသည်။ တတိယမိုးနဲကို ဘုရင့်နောင်မင်းတရား လက်ထက် ၁၅၅၇ ခုနှစ်တွင် မိုးနဲစော်ဘွား စဝ်ပိတ်ဟုမ်ဖက တည်ခဲ့သည်။ မိုးနဲစော် ဘွားသည် ဘုရင့်နောင်ကို သစ္စာခံသော်လည်း သားတော် ညောင်ရမ်းမင်းက ၁၆၀၃ ခုနှစ်တွင် မိုးနဲကို သိမ်းပိုက် ခဲ့ပြီးနောက် စော်ဘွားဆက် ပြတ်ခဲ့သည်။ထိုကာလအတွင်း၌ မိုးနဲကို မြန်မာတို့က အုပ်ချုပ်ခဲ့ ပြီး သာလွန်မင်းတရားကြီးလက်ထက်တွင် စဝ်လာခမ်းကို မိုးနဲစော်ဘွားအဖြစ် ခန့်အပ်ခဲ့သည်။ မိုးနဲကို မြန်မာတို့ အုပ်ချုပ်စဉ်ကာလများအတွင်း တည်ထားခဲ့သည့် သာသနိ က အဆောက်အအုံများသည် မြန်မာနှင့် ရှမ်းဟန်များ ရောနှောနေခဲ့ဟန်ရှိပေသည်။ မိုးနဲရှိ ရှမ်းပုဂံဟုတင်စားခေါ်ဝေါ်ကြသည့် တစ်စုတစ်ဝေးတည်းတည်ရှိသော ရှေးဟောင်းဘုရားအဆူ ၅၁ ဆူမှာ ရှမ်းပြည်နယ်တွင်တွေ့ရလေ့ရှိသော  ရှည်မျော မျောပုံများမဟုတ်ဘဲ မြန်မာနိုင်ငံ တစ်ဝန်းတွင် တည် ထားသည့် စေတီတော်ပုံဟန်များဖြစ်ကြကာ ယင်းနေရာ ကို မိုးနဲမွေတော်စုဘုရားများဟု ခေါ်ကြသည်။ မိုးနဲမြို့နယ်တွင် တောင်ကုန်း တောင်တန်းများ ပေါများပြီး လွိုင်မုန်မုန်းတောင်၊ လွိုင်မဟော်တောင်၊ လွိုင်ကောက်တောင်တို့မှာ ထင်ရှားသော တောင်များ ဖြစ်ကြသည်။ မိုးနဲမြို့နယ်တွင် မြစ်ချောင်းများ ပေါများပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ နမ့်တိန်းချောင်း၊ နမ့်တွန်ချောင်း၊ နမ့်စလိုင်ချောင်းတို့မှာ ထင်ရှားသည်။ မိုးနဲမြို့နယ်သည် မုတ်သုံရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၈˚C ဖြစ်သည်။ မိုးနဲမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပါသည်။ မိုးနဲမြို့နယ်မှ တောင်ကြီး၊ လွိုင်လင်၊ နမ့်စန်၊ လင်းခေး၊ မောက်မယ်၊ ခိုလမ် စသည့် ဒေသများသို့ ကုန်းလမ်းဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့နယ်ဖြစ်ပါသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်၊ စပါး၊ ပဲပုပ်တို့ ဖြစ်ပါသည်။ 

Attractions in မိုးနဲ