အိမ်မဲမြို့နယ်ကို ရပ်ကွက် ၅၊ ကျေးရွာအုပ်စု ၉၇၊ ကျေးရွာပေါင်း ၅၀၅ ရွာဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်း လူဦးရေမှာ ၂၁၁၀၀၀ ကျော်ဖြစ်သည်။ မြို့၏အကျယ်အဝန်းသည် ၂၈၆.၆၇ စတုရန်းမိုင်ဖြစ်သည်။ အရှေ့ဘက်တွင် ပန်းတနော်မြို့နယ်၊ တောင်ဘက်တွင် မြောင်းမြမြို့နယ်နှင့် ဝါးခယ်မမြို့နယ်၊ အနောက်ဘက်တွင် ကန်ကြီးဒေါင့်မြို့နယ်နှင့် မြောက်ဘက်တွင် ကျောင်းကုန်းမြို့နယ် တို့နှင့် ထိစပ်လျှက်ရှိသည်။ မြေမျက်နှာသွင်ပြင်မှာ မြစ်ဝကျွန်းပေါ်မြေနိမ့်ဒေသဖြစ်သည်။ မြစ်ချောင်းများ ပေါများပြီး တောင်မှမြောက်သို့ စီးဆင်းလျက်ရှိသည်။ မင်းမနိုင်ချောင်းမှာ ထင်ရှားပြီး တောင်မှမြောက်သို့ စီးဆင်းသည်။ မင်းမနိုင်ချောင်းမှာ နွေရာသီတွင် ရေအနက် ၁၂ ပေခန့်သာရှိသော်လည်း သင်္ဘော၊ စက်လှေများ သွားလာနိုင်သည်။ ရေအရင်း အမြစ်အများစုမှာ ရေချိုဖြစ်သောကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်သည်။ ပင်လယ်ရေ မျက်နှာပြင် အထက် ၁၄.၈ ပေအထက်တွင် တည်ရှိသည်။ အပူပိုင်းဇုံတွင် ကျရောက်ပြီး မုတ်သုံရာသီဥတုရှိပါသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၇˚C ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကလုပ်ကိုင်ကြသည်။ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်သည်။ ကုန်းလမ်း၊ ရေလမ်းများရှိပြီး လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သည်။