"ကော့ကရိတ်"

ကော့ကရိတ်မြို့နယ်၏ အကျယ်အဝန်းမှာ ၆၈၈.၆၈၄ စတုရန်းမိုင်ကျယ်ဝန်းသည်။ အရှေ့မှအနောက်သို့ ၃၈ မိုင် တောင်မှ မြောက်သို့ ၄၅ မိုင် ရှည်လျားပါသည်။ အရှေ့ဘက်တွင် မြဝတီမြို့နယ်၊ အနောက်ဘက်တွင် ကျိုက်မရောမြို့နယ်၊ တောင်ဘက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြောက်ဘက်တွင် ဘားအံနှင့် လှိုင်းဘွဲ့မြို့နယ်တို့နှင့် ထိစပ်လျှက်ရှိသည်။ ကုန်းမြင့်များ၊ တောင်စွယ်တောင်တန်းများ ထူထပ်သည်။ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၅၅ ပေတွင် တည်ရှိပါသည်။ မြစ်ချောင်းမှာ နည်းပါးပြီး တောင်မှမြောက်သို့ စီးဆင်းလျက်ရှိသည်။ ဟောင်သရောမြစ်နှင့် ဂျိုင်းမြစ်မှာ ထင်ရှားသည်။ ၎င်းမြစ်ရေများသည် စိုက်ပျိုးရေ၊ သောက်သုံးရေ အဖြစ် အသုံးပြုနိုင်သည်။ အမြင့်ဆုံးတောင်မှာ ဒေါနတောင်တန်း (၃၇၀၀ပေ) ဖြစ်သည်။ ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၉ ဒီကရီဖာရင်ဟိုက် ဖြစ်သည်။ ကော့ကရိတ်မြို့နယ်တွင် ရပ်ကွက် ၁၁၊ ကျေးရွာအုပ်စု ၅၃၊ ကျေးရွာပေါင်း ၂၆၀ ရွာပါဝင်ပြီး လူဦးရေစုစုပေါင်းမှာ ၂၉၂၀၀၀ ကျော် နေထိုင်ကြသည်။ ကော့ကရိတ်မြို့နယ်သည် ဘားအံ-မြဝတီကားလမ်းမကြီးပေါ်တွင် တည်ရှိ၍ စီးပွားရေး အချက်အချာကျပါသည်။ ကုန်းလမ်းများဆုံရာ လမ်းမပေါ်တွင် တည်ရှိသောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ အဓိကထွက်ကုန်မှာ ဆန်စပါး ဖြစ်ပြီး ဒူးရင်းသီး၊ မင်းကွတ်သီး၊ နာနတ်သီးတို့လည်း ရာသီအလိုက် ထွက်ကုန်များဖြစ်ကြသည်။ ကော့ကရိတ်မြို့နယ်မှ တောနော်ရေတံခွန်မှာလည်း လာရောက်လည်ပတ်သူများပြားသည်။

Attractions in ကော့ကရိတ်