ရှင်ဖြူရှင်လှစေတီတော်

Listing Description

ရှင်ဖြူရှင်လှစေတီတော်သည် စစ်ကိုင်းမြို့၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း မင်းဝံတောင်တန်းတွင် ပါဝင်သည့် ရှင်ဖြူရှင်လှတောင်ထိပ်တွင် တည်ရှိပါသည်။ အလောင်းစည်သူမင်းကြီးက သီဟိုဠ်မင်းကြီး ဆက်သသော ဘုရားရှင် သီတင်းသုံးတော်မူရာ ကျောက်ဖျာစွန်းကို ထုလုပ်အပ်သော ရှင်ဖြူဆင်းတုတော်တစ်ဆူနှင့် ဇမ္ဗုသပြေသားဖြင့် ထုလုပ်အပ်သော ရှင်လှဆင်းတုတော်တစ်ဆူတို့ကို သက္ကရာဇ် ၄၈၀ ပြည့်နှစ်တွင် ဂူ၌ဌာပနာ၍ စေတီတည်ထားခဲ့သည်။ ထိုဘုရားကို မင်းအဆက်ဆက် ကိုးကွယ်ခဲ့ကြရာ ဟံသာဝတီရောက်မင်းလက်ထက်တွင် ရှင်လှဘုရားတစ်ဆူ ပျောက်ဆုံးခဲ့သည်။ ထိုအခါ မင်းကြီးသည် ပုဏ္ဏားတော် ငစံဖြူနှင့် ရှင်တေဇောဒီပတို့ကို တောင်တွင်းကြီးသို့ ပို့ခဲ့သည်။ ထို့နောက်တွင် ပျောက်ဆုံးနေသည့် ဆင်းတုကို ပြန်လည်တွေ့ရှိခဲ့သည်။ ဘိုးတော်ဘုရားလက်ထက်တွင် ပျောက်ဆုံးမည်ကို စိုးရိမ်သဖြင့် နန်းတွင်းသို့ ပင်ဆောင်ကာ ပူဇော်ခဲ့သည်။ ထို့ပြင် စေတီတော်ကိုလည်း ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့သည်။ ပုဂံမင်းလက်ထက် ၁၂၁၅ ခုနှစ်တွင် ရှင်ဖြူရှင်လှရေဆိပ်မှ ဘုရားခြေတော်ရင်းအထိ လမ်းဖောက်လုပ်ကာ စောင်းတန်းများ လှူဒါန်းခဲ့သည်။ ထိုလမ်းသည် တစ်မိုင်ခန့် ရှည်လျားသည်။ ဗြိတိသျှလက်ထက်တွင် နန်းတွင်းမှ ရှင်ဖြူရှင်လှရုပ်ပွားတော်များကို ရွှေကျီးမြင့်ဘုရားတွင်ထား၍ ပြည်သူတို့ ကိုးကွယ်ခဲ့ကြသည်။ ၁၂၇၅ ခုနှစ်တွင် ရှင်ဖြူရှင်လှရုပ်ပွားတော်နှစ်ဆူ ကိန်းဝပ်ရန် ဂန္ဓကုဋီကို ရသေ့ကြီးဦးခန္တီနှင့် ရေကန်ချောင်ဆရာတော်တို့ ကြီးမှူးကာ တည်ဆောက်ခဲ့သည်။ ၁၂၇၈ ခုနှစ်တွင် အောက်အာလိန်ငါးဆင့်အထိ ပြီးမြောက်ခဲ့သည်။ ဆောင်းတန်းကြီးကို ပြုပြင်ခဲ့ရာ အလျား ၁၀၉၂ ပေ၊ အခန်းပေါင်း ၂၃၁ ခန်း ရှိသည်။ ၁၃၂၄ ခုနှစ်၊ ဝါဆိုလတွင် ဒီပါဧမြချောင်ဆရာတော် ဦးနန္ဒာသီရိ ကြီးမှူးကာ စေတီတော်ကို ထပ်မံတည်ဆောက်ရာ ရွှေထီးအထွတ် တင်လှူပူဇော်နိုင်ခဲ့ပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တော်သလင်းလကွယ်နေ့၌ ကျင်းပပါသည်။