"သင်္ဃန်းကျွန်း"

သင်္ကန်းပင်များပေါက်ရောက်လျှက်ရှိရာ ကုန်းမြေ (ကျွန်း) ကို အစွဲပြု၍ သင်္ကန်းကျွန်းဟု ခေါ်ဆိုရာမှ သင်္ဃန်းကျွန်းအမည်သို့ ပြောင်းလဲအမည်တွင်ခဲ့ပါသည်။ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည့်အချိန်တွင် သင်္ဃန်းကျွန်းသည် ကျေးရွာ တစ်ရွာအဖြစ် ပါဝင်ခဲ့သည်။ သင်္ဃန်းကျွန်းမြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၀.၄.၁၉၇၄ ရက်စွဲပါ အမိန့် ကြော်ငြာစာအရ ၃၉ ရပ်ကွက်ဖြင့် ဖွဲ့စည်းခဲ့ပြီး၊ ၅.၂.၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၃၈ ခုဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ မြို့နယ်အတွင်း လူဦးရေပေါင်း ၂၁၀၀၀၀ ကျော် နေထိုင်ပါသည်။ သင်္ဃန်းကျွန်းမြို့နယ်သည် အရှေ့မှအနောက်သို့ ၂.၀၉၆ မိုင်၊ တောင်မှမြောက်သို့ ၂.၁၂ မိုင် ရှည်လျားပြီး ၄.၄ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၊ တောင်ဘက်တွင် တာမွေနှင့် ဒေါပုံမြို့နယ်၊ အနောက်ဘက်တွင် တာမွေနှင့် ရန်ကင်းမြို့နယ်၊ မြောက်ဘက်တွင် တောင်ဥက္ကလာပမြို့နယ်တို့ တည်ရှိပါသည်။ ငမိုးရိပ်ချောင်းနှင့် ဘောက်ထော်ချောင်း (ခုနှစ်ပင်လိမ်ချောင်း) တို့သည် မြို့နယ်၏ သဘာဝနယ်နိမိတ် အဖြစ် တည်ရှိနေပြီး ငမိုးရိပ်ချောင်းသည် မြောက်မှတောင်သို့ စီးဆင်းပြီး ခုနှစ်ပင်လိမ်ချောင်းသည် အနောက်မှ တောင်သို့ စီးဆင်းပါသည်။ လက်ဆည်ကန် (လေးဒေါင့်ကန်)သည် လေးထောင့်ကန်ရပ်ကွက်တွင် တည်ရှိပါသည်။ သင်္ဃန်းကျွန်းမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၂၅ ပေအထက်တွင် တည်ရှိပါသည်။ သင်္ဃန်းကျွန်းမြို့နယ်သည် မုတ်သုံရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၁˚C ဖြစ်သည်။ သင်္ဃန်းကျွန်းမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှိပြီး ကုန်းလမ်းများဆုံရာ လမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ သင်္ဃန်းကျွန်းမြို့နယ်မှ ကျိုက္ကစံ ဆံတော်ရှင် စေတီတော်မှာ ရှေးဟောင်း သမိုင်းဝင် စေတီတစ်ဆူဖြစ်သည်။

Attractions in သင်္ဃန်းကျွန်း