"ပုဏ္ဏားကျွန်း"

ပုဏ္ဏားကျွန်းမြို့နယ်သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၉၂ စု၊ ကျေးရွာပေါင်း ၁၉၄ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၃၉၆၇၄ ကျော်နေထိုင်ပါသည်။  မြို့နယ်သည် အရှေ့မှအနောက်သို့ ၂၁ မိုင် နှင့် တောင်မှမြောက်သို့ ၅၅ မိုင် ကျယ်ဝန်းပါသည်။ ပုဏ္ဏားကျွန်းမြို့နယ်၏ အရှေ့ဘက်တွင် မြောက်ဦးမြို့နယ်နှင့် ပေါက်တောမြို့နယ်၊ တောင်ဘက်တွင် စစ်တွေမြို့နယ်၊ အနောက်ဘက်တွင် ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြောက်ဘက်တွင် ကျောက်တော်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက် ရှိပါသည်။

ပုဏ္ဏားကျွန်းမြို့နယ်၏မြောက်ပိုင်းသည် ကုန်းမြင့်ဒေသဖြစ်ပါသည်။ ကုလားတန်မြစ် (ကစ္ဆပနဒီမြစ်) နှင့် ယိုးချောင်းစပ်ကြားသည် မြေမျက်နှာပြင်ညီညာ၍ မြေသြဇာ ကောင်းသဖြင့် စိုက်ပျိုးရေးဖြစ်ထွန်းသော ဒေသဖြစ်ပါသည်။ မြို့နယ် ၏တောင်ဖက်ပိုင်းသည် ညီညာသောမြေနိမ့်လွင်ပြင်ဖြစ်ပါသည်။

ပုဏ္ဏားကျွန်းမြို့နယ်ကို ဖြတ်သန်းစီးဆင်းလျှက်ရှိသည့် မြစ်၊ ချောင်းများမှာ ကုလားတန်မြစ်၊ မူစဲမြစ်၊ ယိုးချောင်း၊ ကင်းချောင်း၊ စမ်းမတီးချောင်း၊ တောဖျားချောင်း  တို့ဖြစ်ပါသည်။ မြစ်များ အားလုံးသည် တောင်မှမြောက်သို့ စီးဆင်းပါသည်။ ချောင်းများမှာ ကုလားတန်မြစ်နှင့် မူစဲမြစ်တို့ကို ကွန်ယက်သဖွယ် သွယ်တန်း စီးဆင်းလျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

ဗုဒ္ဓဘုရားရှင်၏ ဝါတော်  ၂၀  မဟာသက္ကရာဇ်  ၁၂၃  ခုနှစ် ကျောက်တော်တောင်သို့ ကြွရောက်စဉ် ဗျာဒိတ်တော် စကားအရ နုစဉ်ဘဝ ပုဏ္ဏားပညာရှိအဖြစ်နေထိုင်ခဲ့ကြောင်း ရခိုင်ရာဇဝင်အဆိုအရ မြောက်ဦးမြို့တွင် အခါတော်ဆက် မင်းသုံးပုဏ္ဏားများကို အမျိုး ရောယှက်ခြင်းမှကင်းစေရန် ဤကျွန်း၌ အတည်တကျ နေထိုင် ခွင့်ပြု ထားရှိသဖြင့် ပုဏ္ဏားကျွန်းဟုခေါ်တွင်ခဲ့ကြောင်း၊ ရခိုင်ဘုရင် လက်ထက်တွင် စေတီတော်ကိုအစွဲပြု၍ ဦးရာဇ်တောင်မြို့ ဟု ခေါ်တွင်ခဲ့ပြီး ရေတပ်စခန်းများဖြင့် စည်ကားခဲ့ကြောင်း၊ သားတော် အိမ်ရှေ့ဥပရာဇာအား ဦးရာဇ်တောင်စား အဖြစ်တာ၀န် ပေးကြောင်း သိရှိရပါသည်။ အင်္ဂလိပ်-မြန်မာကျူးကျော် ပထမစစ်ပွဲ အပြီးတွင် ခရစ်သက္ကရာဇ်  ၁၈၇၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဦးရာဇ်တောင် မြို့နယ်ကို ရသေ့တောင်မြို့နယ်ခွဲအဖြစ်လည်းကောင်း၊ ၁၈၉၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ကျောက်တော်မြို့နယ်ခွဲ အဖြစ် လည်းကောင်း သတ်မှတ်ခဲ့ပါသည်။ ယင်းအချိန်က မြို့တည်နေရာမှာ ဦးရာဇ်တောင်စေတီခြေတော်ရင်းအနီးရှိ မင်းဂံနှင့် နတ်ဆိပ်ရွာမအနီးတွင်ဖြစ်ပါသည်။ကောဇာသက္ကရာဇ် ၁၂၃၀ ခုနှစ် ၊တန်ဆောင်မုန်း လဆန်း ၉ ရက် ဆိုင်ကလုန်းမုန်တိုင်းဘေးတွင် ဦးရာဇ်တောင်မြို့သည် များစွာပျက်စီးခဲ့ရာ ယခုနေရာသို့ ပြောင်းရွှေ့ခဲ့ပါသည်။

Attractions in ပုဏ္ဏားကျွန်း