"ဖားဆောင်း"

ဖားဆောင်းမြို့နယ်သည်  မြို့နယ်ဧရိယာအကျယ်အဝန်း ၆၂၄.၀၄ စတုရန်းမိုင်ရှိပါသည်။ ဖားဆောင်းမြို့နယ်၏ အရှေ့ဘက်တွင် ကယားပြည်နယ်ရှိ မယ်စဲ့ မြို့နယ်နှင့်နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် ကရင်ပြည် နယ်ရှိ ဖာပွန်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ကရင်ပြည်နယ်ရှိ သံတောင်မြို့နယ်တို့နှင့်ထိစပ်လျက်ရှိပြီး မြောက်ဘက် တွင် ကယားပြည်နယ်ရှိ ဘောလခဲမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိပါသည်။

ဖားဆောင်းမြို့နယ်သည် တောင်တန်းဒေသဖြစ်သည့် အားလျော်စွာ သံလွင်မြစ်ဝှမ်းနှင့်တောင်ကြားလွင်ပြင်များတွင်သာ မြေညီမြေပြန့်ရှိပြီး ကျန်ဒေသများမှာ တောင်ကုန်း၊ တောင်တန်း၊ တောင်စွယ်များ နှင့် ချောက် ကမ်းပါးများရှိပါသည်။ မော်ချီးကျေး ရွာနှင့် ၇ မိုင် အကွာရှိ နတ်တောင်သည် အမြင့် ၈၆၀၇ ပေ ရှိပြီး ဖားဆောင်းမြို့နယ် ၏ အမြင့်ဆုံးတောင် ဖြစ်ပါသည်။ ဖားဆောင်းမြို့နယ်တွင် မြစ် ၁ မြစ်၊ ချောင်း ၉ ချောင်းစီးဆင်းလျက် ရှိပြီး အရှည်ဆုံးမြစ်မှာ သံလွင်မြစ်ဖြစ်၍ ဖားဆောင်းမြို့မှ ကရင်ပြည်နယ် သို့ စီးဆင်းလျက်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

ဖားဆောင်းမြို့နယ်သည် ၁၈၈၂ခုနှစ်တွင် ဖားဆောင်းမြို့နယ်ဟု စတင်ခေါ်ဆိုခဲ့ပါသည်။ ၁၈၄၃ ခုနှစ်တွင် တနန်းလော့ကျေးရွာမှ ကရင် လူမျိုး ဗုဒ္ဓဘာသာ၀င်တစ်ဦးဖြစ်သည့် ဦးလုံခမ်းမှ သံလွင်မြစ်နှင့် ပွန်ချောင်း ဆုံရာ အထက်ဘက်တွင် အလွန်ကြီးမားသော ကျောက်ဖျာတစ်ချပ်စောင်း လျက်ရှိသည်ကို အစွဲပြု၍ ဖာဆောင်းဟု ခေါ်ဝေါ် သတ်မှတ်ခဲ့ပါသည်။ ယင်းအမည်မှာ ရှမ်း ဘာသာဖြင့် ဖာဆိုသည်မှာ ကျောက်ဖျာ နံရံဟု အဓိပ္ပာယ်ရသည်။ နောက်ပိုင်းကာလတွင် ဖားဆောင်း ဟုတွင်လာခဲ့ပါသည်။ ဦးလုံခမ်းဆိုသူမှာဖားဆောင်းမြို့နေရာအား အိမ်ခြေ  ၁၄-၁၅ အိမ်ခန့်ဖြင့် လာရောက်နေထိုင်ခဲ့ပြီး ရိုးရာဓလေ့ကြက်ရိုးထိုးကြည့်ရာ မြို့အဖြစ် ကာလ များစွာတည်ရှိမည့်အရပ်များတွေ့ရှိရ၍ ရွာ၏ ထောင့်လေးထောင့်တွင် ဆီအိုး  ၁ လုံးစီ ရွာအလည်တည့်တည့်တွင် ဆီအို၁ လုံး မြုပ်နှံခဲ့ပါသည်။ ဖားဆောင်း မြို့သံလွင် မြစ်ကမ်းပါးတွင် ယခုတိုင် တည်ရှိနေသည့် မွေတော်ဘုန်းကြီး ကျောင်းကို ၎င်းမှပင် ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ ထိုစဉ်က မော်ချီးသတ္တုတွင်းမှ ထွက်ရှိခဲ့သည့် ခဲများကို လား၊ နွားများဖြင့် သယ်ဆောင် ပြီး ဖားဆောင်းမြို့ တောင်ဘက်  ၅ မိုင်အကွာရှိ ခဲမဖြူ သံလွင်ကမ်းမှ တစ်ဆင့် လှေကြီးများဖြင့် ချောက်ညှပ်၊ ဖာပွန်အထိ အဆင့်ဆင့်သယ်ပို့ရာ စီးပွားရေးဖွံ့ဖြိုး၍ ခဲမဖြူရွာကြီးသည် အိမ်ခြေ ၆၀၀ ခန့်ထိ တည်ရှိခဲ့ပါသည်။ ၁၉၇၁ ခုနှစ်တွင် ခဲမဖြူရွာကြီး မီးလောင်ပျက်စီးသောအခါ မီးဘေးဒုက္ခသည် များ ဖားဆောင်းရွာသို့ပြောင်းရွှေ့အခြေချနေထိုင်လာကြရာလူဦးရေ၊ အိမ်ခြေ များပြားလာပြီး မြို့အဖြစ်စတင်ပေါ်ပေါက်ခဲ့ကြောင်း သိရှိရပါသည်။ ပြည်ထဲရေး နှင့်သာသနာရေးဝန်ကြီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၏ ၂၈.၇.၁၉၇၂  ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀၃/၅၀/ စိတ် (၁) အရ ဖားဆောင်း မြို့နယ်ကို ကျေးရွာအုပ်စု  ၁၂ စု၊ ကျေးရွာပေါင်း ၇၂ ရွာဖြင့် ဖွဲ့စည်း၍ ယခင်ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်တို့ကို ရွေးချယ် တင်မြောက်ခဲ့ကြပါသည်။ ပြည်ထဲရေးနှင့် သာသနာရေး၀န်ကြီးဌာန၏  ၂၇.၄.၁၉၉၀ ရက်စွဲပါကြော်ငြာစာအမှတ် (၆၇) အရ ဖားဆောင်းမြို့နယ် အတွင်းရှိ မယ်စဲ့ကျေးရွာကို မြို့အဖြစ် ဖွဲ့စည်းတိုးချဲ့သောကြောင့် လက်ရှိ ဖားဆောင်းမြို့နယ်ကို ရပ်ကွက်  ၂  ရပ်ကွက် ကျေးရွာအုပ်စု  ၈ အုပ်စု ကျေးရွာငယ်ပေါင်း ၅၇ ရွာတို့ဖြင့် ဖွဲ့စည်းထားရှိပါသည်။ ပြည်ထဲရေးဝန်ကြီး ဌာန၏  ၁၇.၃.၂၀၁၆ ရက်စွဲပါအမိန့်အမှတ် (၈၀၁/၂၀၁၆) အရ ဖားဆောင်း မြို့နယ်ကို ရပ်ကွက်  ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈ အုပ်စု၊ ကျေးရွာပေါင်း  ၅၆ ရွာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

Attractions in ဖားဆောင်း