"ကွန်ဟိန်း"

ကွန်ဟိန်းမြို့နယ်သည် အရှေ့မှ အနောက်သို့ ၄၈ မိုင် ၅ ဖာလုံနှင့် တောင်မှမြောက်သို့ ၄၃ မိုင် ရှည်လျားပါသည်။ ကွန်ဟိန်းမြို့နယ်၏ အရှေ့ဘက်တွင် သံလွင်မြစ်နှင့် မိုင်းပျဉ်း မြို့နယ်၊ အနောက်ဘက်တွင် နမ့်စန်မြို့နယ်နှင့် ကျေးသီးမြို့နယ်၊ တောင်ဘက်တွင် မိုးနဲမြို့နယ်၊ မြောက်ဘက်တွင် မိုင်းရှူးမြို့နယ်တို့ နှင့် ဆက်စပ်လျက်ရှိပါသည်။ ကွန်ဟိန်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၁၆၁၅ ပေအထက်တွင် တည်ရှိပါသည်။ မြို့နယ်အတွင်းတွင် ပေ ၂၀၀၀ ကျော်အထက်ရှိ တောင်ကုန်း တောင်တန်းများထူထပ်ပြီး မြေပြန့်လွင်ပြင် နည်းပါးပါသည်။ ထင်ရှားသောချောင်းမှာ နမ့်ပန်ချောင်းဖြစ်ပြီး ကွန်ဟိန်းမြို့ကိုဖြတ်၍ သံလွင်မြစ်အတွင်းသို့ စီးဆင်းသည်။

ဒေသသမိုင်းအကျဉ်း

ကွန်ဟိန်းဟူသော အမည်ဖြင့် ရွာအဖြစ်တည်ရှိခဲ့သည်မှာ နှစ်အတိအကျ ဖော်ပြနိုင်စွမ်းမရှိ သော်လည်း မြန်မာသက္ကရာဇ် ၁၁၇၈ ခုနှစ် မတိုင်မီ အချိန်ကာလခန့်ကဖြစ်မည်ဟု ခန့်မှန်းရပါသည်။ အစကနဦး တွင် ကွန်ဟိန်းဟူ၍မခေါ်တွင်မီက ၄င်းနေရာတွင် (ထိုစဉ်တံတားမရှိသေးပါ) နမ့်ပန်ချောင်းကို နွားလှည်းများ ဖြတ်ကူးရာ၌ ဖောင်ဖြင့်ဖြတ်ကူးရပါသည်။ လှည်းစခန်းချသည့်နေရာ တစ်ခုသာဖြစ်ခဲ့ပါသည်။ ထိုမှတစ်ဆင့် လှည်းများအသွားအလာ များပြားလာသည့်အလျှောက် စခန်းအဖြစ်မှ လူနေအိမ်များ စတင်ဆောက်လုပ် နေထိုင်ခဲ့ရာ တစ်စတစ်စ လူနေအိမ်များ တိုးတက်လာခဲ့ပြီး ရွာအဆင့်သို့ရောက်ရှိလာလေသည်။ ထိုသို့ ရွာအဖြစ် ရောက်ရှိလာသည့်အချိန်၌ ရွာအမည်ကို ကွန်ဟိန် (ကွန်-ရှမ်းဘာသာဖြင့် ကျွန်း၊ ဟိန်-ဆိုသည်မှာတစ်ထောင်၊ ကွန်ဟိန်ဆိုခြင်းဖြင့် ဤရွာတည်ရာ ချောင်းအထက်နှင့်အောက်တွင် တည်ရှိသော ကျွန်းကြီးကျွန်းငယ်ပေါင်း တစ်ထောင်) ကိုအမှီပြုပြီး ကျွန်းတစ်ထောင်ရွာ (ဝါ) ရှမ်းအခေါ် ကွန်ဟိန် ဟူ၍ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ကာလရွှေ့ လျှောလာသည့်နှင့်အမျှ ကွန်ဟိန် မှ ကွန်ဟိန်း ဟူ၍ ခေါ်ဝေါ် သုံးစွဲခဲ့ကြပါသည်။ ၁၉၀၇ခုနှစ်၊ မြို့ပြအက်ဥပဒေပုဒ်မ-၄အရ လွိုင်လင် ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကွန်ဟိန်းမြို့ကို မြို့အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) မှ (၂၇-၇-၁၉၇၂)ရက်နေ့တွင် အမှတ်၊ ၉၃၇ ဖြင့် သတ်မှတ်ခဲ့ပါသည်။

၁၉၅၉ ခုနှစ်၊ ရှမ်းပြည်နယ် ကျေးရွာအက်ဥပဒေ (အာဏာ သက်ရောက်ရေး) အက်ဥပဒေအရ ရှမ်းပြည် နယ်တွင် အာဏာသက်ရောက်လျက်ရှိပြီးဖြစ်သော ၁၉၀၇ ခုနှစ် ကျေးရွာအက်ဥပဒေပုဒ်မ-၅(၁)တွင် အပ်နှင်းထားသည့် အာဏာများအရ ရှမ်းပြည် နယ်၊ လွိုင်လင်ခရိုင် အတွင်းရှိ ကွန်ဟိန်းမြို့နယ်ကို ရပ်ကွက် ၅ ခု၊ ကျေးရွာ အုပ်စု ၁၄ အုပ်စု၊ ကျေးရွာပေါင်း ၁၉၃ ရွာဖြင့် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၏ (၂၇-၇-၁၉၇၂)ရက်နေ့တွင် အမိန့် ကြော်ငြာစာ ဖြင့် ဖွဲ့စည်းသတ်မှတ်ခဲ့ပါသည်။

Attractions in ကွန်ဟိန်း