"မင်းပြား"

မင်းပြားမြို့နယ်သည် အရှေ့မှအနောက်သို့  ၃၄ မိုင်၊ တောင်မှမြောက်သို့ ၃၉.၃၆ မိုင်ရှည်လျားပြီး မြို့နယ်ဧရိယာအကျယ်အဝန်း ၁၃၃၈.၄၆ စတုရန်းမိုင်ရှိပါသည်။

မင်းပြားမြို့နယ်သည် မြောက်ဘက်တွင်ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အရှေ့ဘက်တွင် ကန်ပက်လက်မြို့နယ်၊ အမ်းမြို့နယ်၊ တောင်ဘက်တွင်မြေပုံမြို့နယ်၊ အနောက်ဘက်တွင် ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ် လျက် ရှိပါသည်။ မြို့နယ်၏ အရှေ့ပိုင်းနှင့် မြောက်ဘက်ပိုင်းတွင် ရခိုင်ရိုးမမှ ဖြာထွက်လာသော တောင်စွယ်တောင်တန်းများရှိပြီး၊ မြို့၏အလယ်ပိုင်းတွင် ကျိန်းတောင်တောင်တန်း၊ တောင်ပိုင်းတွင် ကြပ်စင်တောင်တန်းနှင့် ကေသလာတောင်တန်းတို့ တည်ရှိကြပါသည်။

မင်းပြားမြို့နယ်သည် မြစ်ချောင်းများ ပေါများသည့် ဒေသတစ်ခုဖြစ်ပြီး လေးမြို့ မြစ်သည် မင်းပြားမြို့အနီးမှဖြတ်၍ မြောက်မှ တောင်သို့ စီးဆင်းပါသည်။ ဒေသအတွင်းရှိ ပေါက်ဆိန်ကျမြစ်မှာ အရှေ့မှ အနောက်သို့စီးဆင်းပါသည်။

ဒေသသမိုင်းအကျဉ်း

မင်းပြားဟူသော ဝေါဟာရသည် ရှေးဘုရင်လက်ထက် ကပင် ရှိခဲ့ကြောင်းဆိုရိုးစကားရှိပါသည်။ ဝေသာလီနောက်ဆုံးမင်း စူဠမဟာ ရာဇာ(ခေါ်)စူဠစန္ဒြားမင်းသည် ရေကြောင်းခရီးဖြင့် တိုင်းခန်းလှည့်လည်ရာ စမ္ဘလေသောင်ကျွန်း ရေပြင်ကြီးအလယ်၌ ဖောင်တော်တင်သော အခါဝဲယာကို ရှုစားလေစဉ် မင်းပြားမြို့ တည်လတ္တံ့မည့်နေရာကို မြင် လေသည်။ ထိုအခါဤနေရာတွင် မြို့ရွာတည်ချ၍ဖြစ်ပေလတ္တံ့ဟု မင်းမိန့်ညွှန်ခြင်းပြုဆိုခဲ့သည်ကို အစွဲပြု၍ မင်းပြမှမင်းပြားဖြစ်လာ သည် ဟုဆိုကြပါသည်။ မင်းပြားမြို့ကို မြန်မာသက္ကရာဇ် ၁၂၂၉ ခု၊ တပေါင်းလပြည့်ကျော် ၁ ရက်၊ ခရစ်သက္ကရာဇ် ၁၈၆၇ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ယင်းအချိန်က မင်းပြားမြို့ကို(၁)ဘာခံရပ်ကွက်၊ (၂)ဈေးဟောင်းပိုင်း ရပ်ကွက်၊ (၃)အလယ်ပိုင်းရပ်ကွက်၊ (၄)အောက်ရွာပိုင်း ရပ်ကွက်(၄) စုခွဲပြီး အုပ်ချုပ်ခဲ့ကြောင်း သိရှိရပါသည်။

၁၉၄၆.ခုနှစ်တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့မှ မင်းပြားမြို့ကို သိမ်း ပိုက်ပြီး မြို့ပြုအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းကာ တာဝန်ခံအဖြစ် ဦးဖါးချေ မှအုပ်ချုပ်ခဲ့ပါသည်။ ၁၉၅၀.ခုနှစ်တွင် မင်းပြားမြို့ကို ဗမာ့တပ်မတော်မှ ပြန်လည်သိမ်းပိုက်ခဲ့ပါသည်။ ယင်းနောက် မြို့ပိုင်ဦးသာဦး၊ ဆရာဝန် ဦးကျော်ထင်တို့ အပါအဝင်ဌာနဆိုင်ရာများမှ မြို့ပြအုပ်ချုပ်ရေးကို ပြန်လည် အကောင်အထည်ဖေါ်ခဲ့ပါသည်။ ၁၉၆၂.ခုနှစ်ထိ မြို့ပိုင်ရုံးစိုက်ပြီး အုပ်ချုပ်ခဲ့ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၂၇ - ၇ - ၁၉၇၂ ) ရက်စွဲပါစာအမှတ်၊ ၁၀၃/ ၃၀/ စိတ်(၁)ဖြင့် ထုတ်ပြည်သည့် အမိန့်အရ အတည်ပြုပြီး မင်းပြားမြို့နယ်ကို ရပ်ကွက် ၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၂ စုဖွဲ့စည်းသတ်မှတ်ခဲ့ပါသည်။

Attractions in မင်းပြား