"မရမ်းကုန်း"

မရမ်းကုန်းမြို့နယ်သည် ရှေးယခင်က စော်ဘွားလေးရွာ၊ ရွာတန်းရှည်ရွာ၊ ချော်တွင်းကုန်းရွာ၊ ရေကူးရွာ၊ ကိုးမိုင်ရှမ်းရွာ၊ ဘိုကုန်းရွာ၊ သမိုင်းကုန်းရွာ၊ ပန်းပင်ကုန်းရွာ၊ ဇွဲစုံနှင့် ကျောက်ရေတွင်းရွာဟူ၍ ရွာငယ်များဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် မရမ်းကုန်းအမည်ဖြင့် သီးခြား မြို့နယ်တစ်ခုအဖြစ် ခေါ်ဆိုတည်ရှိခဲ့ပါသည်။ မရမ်းကုန်းမြို့နယ်သည် အရှေ့မှ အနောက်သို့ ၄ မိုင်၊ တောင်မှမြောက်သို့ ၅ မိုင်ရှည်လျားပြီး ၉.၇၈၂ စတုရန်းမိုင်ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ရန်ကင်းနှင့် မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဘက်တွင် ဗဟန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်၊ အနောက်ဘက်တွင် လှိုင်မြစ်နှင့် လှိုင်သာယာမြို့နယ်၊ မြောက်ဘက်တွင် အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ မရမ်းကုန်းမြို့နယ်သည် ရပ်ကွက် ၁၀ ခုဖြင့် ဖွဲ့စည်းထားရှိပြီး လူဦးရေပေါင်း ၁၉၀၀၀၀ ကျော် နေထိုင်ပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၁၀၀ အထက်တွင် တည်ရှိပါသည်။ မရမ်းကုန်းမြို့နယ်သည် မြစ်ချောင်းများပေါများပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့လည်းကောင်း၊ အရှေ့မှ အနောက်သို့လည်းကောင်း စီးဆင်းလျှက်ရှိပြီး ထင်ရှားသော မြစ်ချောင်းများမှာ လှိုင်မြစ်၊ သမိုင်းချောင်း၊ ရိုးကြီးချောင်း၊ ငမိုးရိပ်ချောင်းနှင့် ဇွဲစုံကျောင်းတို့ဖြစ်ပါသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၀.၆˚C ဖြစ်သည်။ ပြည်လမ်းမကြီး၊ ကမ္ဘာအေးဘုရားလမ်းမကြီးနှင့် ဘုရင့်နောင်ဆိပ်ကမ်းများ တည်ရှိသဖြင့် စီးပွားရေး အချက်အချာကျပြီး ကုန်းလမ်း၊ ရေကြောင်းလမ်းများဆုံရာ မြို့နယ်ဖြစ်သဖြင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ မရမ်းကုန်းမြို့နယ်သည် စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ အလွန်ပေါများပြီး မရမ်းကုန်း ၉ မိုင်၊ ပြည်လမ်းဆုံရှိ အောင်ရွှေဘုံသာ ဓမ္မဗိမာန်ဘုန်းကြီးကျောင်း၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ သီရိမင်္ဂလာ ကမ္ဘာအေး စေတီတော်၊ ရန်ကုန်-ပြည် လမ်းရှိ ကျိုက္ကလဲ့ဘုရားနှင့် ကျိုက္ကလို့ဘုရား၊ ကျိုက်ဝိုင်းလမ်းရှိ ကျိုက်ဝိုင်းဘုရားလမ်းတို့သည် ရန်ကုန်မြို့တွင် လူသိများသော နေရာများဖြစ်ပါသည်။

Attractions in မရမ်းကုန်း