"ဒီပဲယင်း"

ဒီပဲယင်းမြို့နယ်သည် ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၅၆ စု၊ ကျေးရွာပေါင်း ၁၈၉ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၇၇၉၆၄ ကျော်နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှ အနောက်သို့ ၄၈ မိုင်ရှည်လျားပြီး တောင်မှမြောက်သို့ ၁၃ မိုင်ခန့်ရှည်လျား ပါသည်။ ဒီပဲယင်းမြို့နယ်၏အရှေ့ဘက်တွင်မူးမြစ်၊ တောင်ဘက်တွင် ဘုတလင် မြို့နယ်နှင့်အရာတော်မြို့နယ်၊  အနောက်ဘက်တွင်ကနီမြို့နယ်၊ မြောက် ဘက်တွင် ရေဦးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

ဒီပဲယင်းမြို့နယ်၏မြောက်ဘက်ရှိ တောင်တန်း တောင်စွယ်တို့သည် တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ် အနောက်မြောက်ပိုင်းတို့ကို ဖြတ်သန်း၍ မြို့နယ်အတွင်းထိုးဖေါက်ဝင်ရောက်လျှက် မြောက်ဘက် နှင့် အနောက် ဘက်ပိုင်း၌ တောင်ကုန်းများရှိ၍ကျန်ဒေသများသည် မြေပြန့်လွင်ပြင်များ သာ ဖြစ်ပါသည်။ မြို့နယ်တွင် ထင်ရှားသောရေဆင်းအဖြစ် မြစ်ကြီးများ၊ ချောင်း ကြီးများ ဖြတ်သန်းစီးဆင်းမှု မရှိပါ။ မြို့နယ်၏ အရှေ့ဘက် ရေဦးမြို့နယ်နှင့် ထိစပ်နယ်နိမိတ်အဖြစ် သတ်မှတ်ထားသော မူးမြစ်သည် မြောက်မှတောင် သို့စီးဆင်းပါသည်။ မြို့နယ်အတွင်း အခြားထင်ရှားသောချောင်းမှာ ပရမ်း ပကားချောင်းဖြစ်ပါသည်။ မြို့နယ်အတွင်း ထင်ရှားသည့်အဓိက ရေအရင်း အမြစ်များမှာ ကာဘိုးဆည်မှသွယ်တန်းဖေါက်လုပ်ထားသော ရေဦးတူး မြောင်း၊ မရကန်မြောင်းခွဲနှင့် သဖန်းဆိပ်ရေလှောင်တမံနှင့်ကင်းတပ်ဆည် တို့မှ သွယ်တန်းဖေါက်လုပ်ထားသော လင်္ကျာတူးမြောင်းတို့ တည်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

လွန်ခဲ့သောနှစ်ပေါင်း ၈ဝဝ ခန့်က ရှေးမင်းများတည်ထောင်ခဲ့သော နယ်ခြားစောင့်ခံတပ်မြို့ဖြစ်ပြီး မြို့ရိုး၊ ကျုံးအမှတ်အသား လက္ခဏာများ ယနေ့တိုင်တွေ့မြင်နိုင်၍ မြို့မှာ ခံတပ်မြို့အဖြစ် တည်ထောင်ခဲ့သဖြင့် ကျဉ်းပါသည်။ မြို့အကျယ်စတုရန်းမိုင် ၀.၃၈ မိုင် ဖြစ်ပြီး ၁၆၅၅၂ ဧကကျယ်ဝန်း ပါသည်။ ပုဂံမင်းဇေယျသူရ (ခေါ်) နရပတေ့စည်သူမင်း (၅၃၆-၅၇၃)လက်ထက် ကဒူးတော်လှန်ပုန်ကန်သူတို့ကို နှိမ်နင်းအောင်မြင်၍ ဆင်စီးထွက် တော်မူရာ ထိပေ့သျှင်အရပ်သို့ရောက်စဉ် မြန်မာဆိတ်များ“ပဲ..ပဲ” ဟူသော အသံမည်လျက် တောစပ်သို့ရေသောက်ဆင်းသည်ကိုမြင်သော နိမိတ်ကို ယူလျက် မြို့တည်ရန်အကြံဖြစ်ပြီး ကဒူးဘာသာစကားအရ “ရေကို - ဒီ၊ ဆိတ်ကို - ပဲ ၊ တောကို - ယင်း”ဟုခေါ်ကြောင်း ကဒူး လူမျိုးတို့၏ လျှောက်တင်ချက်ကိုယူ၍ အောင်စွာအမတ်ကို ဦးဆောင်စေ၍ မြို့ကို တည်စေပြီး“ဒီပဲယင်းမြို့” ဟု ခေါ်တွင်စေခဲ့ပါသည်။ ဒီပဲယင်းတည်စ “ဘုံဘေးမ” ဟု ဆိုရိုးစကားရှိခဲ့ပါသည်။

Attractions in ဒီပဲယင်း