"မိုးညှင်း"

မိုးညှင်းမြို့နယ်သည် ယခင်က တိုက်နယ်ဖြစ်၍ ၁၉၅၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မိုးညှင်းမြို့နယ်အဖြစ် စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၀၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် မိုးညှင်းခရိုင်အဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ မိုးညှင်းမြို့နယ်တွင် ရပ်ကွက် ၂၂ ခု၊ ကျေးရွာအုပ်စု ၃၈ စု၊ ကျေးရွာပေါင်း ၁၂၄ ရွာ ပါဝင်ပြီး လူဦးရေပေါင်း ၂၁၀၀၀၀ ကျော် နေထိုင်ပါသည်။ မိုးညှင်းမြို့နယ်သည် အရှေ့မှအနောက်သို့ ၄၀ မိုင်၊ တောင်မှမြောက်သို့ ၅၀ မိုင်ရှည်လျားပြီး ၂၅၇၈.၅၁ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ မိုးညှင်းမြို့နယ်၏ အရှေ့ဘက်တွင် မိုးကောင်းနှင့် ရွှေကူမြို့နယ်၊ တောင်ဘက်တွင် အင်းတော်မြို့နယ်၊ အနောက်ဘက်တွင် ဟုမ္မလင်းမြို့နယ်၊ မြောက်ဘက်တွင် ဖားကန့်မြို့နယ်တို့ တည်ရှိပါသည်။ မိုးညှင်းမြို့နယ်သည် တောင်ကုန်းတောင်တန်းများ ထူထပ်သော မြို့နယ်ဖြစ်သည်။ တောင်ကုန်း တောင်တန်းများသည် မြောက်မှတောင်သို့ သွယ်တန်းလျှက်ရှိပြီး လွင်ပြင်အနေဖြင့် မြစ်ကြီးနား-မန္တလေး ရထားလမ်းတစ်လျှောက်နှင့် အင်းတော်ကြီးအင်း ပတ်ဝန်းကျင် တစ်ဝိုက်တွင်သာ ရှိပါသည်။ အင်းတော်ကြီးရေအိုင်မှ အင်းတော်ချောင်းနှင့် ဆယ်မိုင်ရွာသစ် ကျေးရွာအနီးတွင် ချောင်းဖျားခံပြီး စီးဆင်းလာသော နန့်ရင်းချောင်းတို့သည် တောင်မှ မြောက်သို့ စီးဆင်းပြီး မိုးကောင်းချောင်းသို့ စီးဝင်လျှက်ရှိသည်။ အင်းတော်ကြီးရေအိုင်သည် စက်လှေသာ သွားလာနိုင်ပြီး စိုက်ပျိုးရေးအတွက် အသုံးပြုနိုင်ခြင်း မရှိပါ။ မိုးညှင်းမြို့နယ်မှ ရေအများစုမှာ ရေချိုများဖြစ်သည်။ မိုးညှင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၆၈၅ ပေအထက်တွင် တည်ရှိပါသည်။ မိုးညှင်းမြို့နယ်သည် ပူနွေးစွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၈.၃˚C ဖြစ်သည်။ မိုးညှင်းမြို့နယ်သည် စီးပွားရေး အချက်အချာကျပြီး စီးပွားရေး အသင့်အတင့် ဖွံ့ဖြိုးပါသည်။ ဒေသခံ ပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ မိုးညှင်းမြို့နယ်သည် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းနှင့်၊ ရွှေဘို-မြစ်ကြီးနားကားလမ်း (ပြည်ထောင်စု ကားလမ်းမကြီး) ပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ မြို့နယ်၏ အဓိက ထွက်ကုန်မှာ ဆန်စပါး ဖြစ်သည်။

Attractions in မိုးညှင်း