ပတ္တမြားစေတီတော်

Listing Description

စစ်ကိုင်းတောင်တန်း၊ ဝါးချက်ကျေးရွာ၏ အနောက်ဘက် ၈၅၉ ပေမြင့်သည့် ပတ္တမြားတောင်ထိပ်တွင် တည်ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီးကောင်းမှု စေတီပေါင်းရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်သည်ဟုသိရပြီး စစ်ကိုင်းမြို့တည် အသင်္ခယာစေယွန်းမင်း လက်ထက်တွင် ပတ္တမြားစေတီတော်ကို အပြင်မုဋ္ဌော ၉ ဆူတွင် တစ်ဆူအပါအဝင်အဖြစ် သတ်မှတ်ခဲ့သည်။ သက္ကရာဇ် ၇၇၆ ခုနှစ်တွင် ပတူသင်္ဃရာဇာက ပြုပြင်မွမ်းမံခဲ့သည်။ သက္ကရာဇ် ၁၁၅၇ ခုနှစ်တွင် ဘိုးတော်ဘုရား၏ မိထွေးတော် ဒလမြို့စားမိဖုရားကြီးမှ အရှေ့ဘက်စောင်းတန်းကြီးနှင့်တကွ ဒုတိယအကြိမ် ပြုပြင်မွမ်းမံခဲ့သည်။ ၁၂၈၇ ခုနှစ်တွင် ဆရာဦးကျစ်လစ်ဦးဆောင်၍ ဝါးချက်ရွာသူရွာသားများက တတိယအကြိမ် မွမ်းမံခဲ့သည်။ ၁၃၁၅ ခုနှစ်တွင် သံဃာ့အဖွဲ့ကြီးမှ အုပ်ချုပ်ပြီး အများပြည်သူ စုပေါင်းပြုပြင်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရပါသည်။ စေတီတော်သည် ဖိနပ်တော် ၃၈ ပေ၊ ဉာဏ်တော်အမြင့် ၄၃ ပေ ၃ လက်မ၊ ထီး ဘုံ ၉ ဆင့်၊ ထီးအမြင့် ကိုးပေ၊ ထီး အဝ ၃ ပေ ၉ လက်မရှိသည်။ အင်းဝညောင်းရမ်းဆက် ဝမ်းဘဲအင်းစံမင်း (၁၀၃၄-၁၀၆၀) လက်ထက်မှစ၍ ကဆုန်လပြည့်ကျော် ၈ ရက်နေ့တိုင်း  ပတ္တမြားစေတီတွင် ညောင်ရေသွန်းခဲ့ကြသည်ဟု သိရသည်။ စေတီတော် ကားလမ်းကို ၁၃၁၇ ခုနှစ် တော်သလင်းလဆန်း ၈ ရက်နေ့တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့သည်။ ဘုရားပွဲတော်ကို နှစ်စဉ် တော်သလင်းလပြည့်နေ့၌ ကျင်းပပါသည်။