"မကွေး"

မကွေးမြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၈.၁.၂၀၁၁) ရက်စွဲပါ စာဖြင့် ရပ်ကွက် ၁၅ ခု၊ ကျေးရွာအုပ်စု ၆၁ စု၊ ကျေးရွာပေါင်း ၂၁၆ ရွာဖြင့် ဖွဲ့စည်းထားသော မြို့နယ်ဖြစ်သည်။ စုစုပေါင်းလူဦးရေမှာ ၂၉၆၀၀၀ ကျော်ဖြစ်သည်။ မကွေးမြို့နယ်သည် ၆၈၂.၂၂ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့မှအနောက်သို့ ၂၇ မိုင် တောင်မှမြောက်သို့ ၄၀ မိုင် ရှည်လျားသည်။ အရှေ့ဘက်တွင် နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ်၊ တောင်ဘက်တွင် တောင်တွင်းကြီးမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အနောက်ဘက်တွင် မင်းဘူး(စကု)မြို့နယ်၊ မင်းလှမြို့နယ်၊ မြောက်ဘက်တွင် ရေနံချောင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ လွင်ပြင်ဒေသဖြစ်ပြီး ယင်းချောင်း လွင်ပြင်မှာ ထင်ရှားသည်။ မြစ်ချောင်းများနည်းပါးပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက် ရှိသည်။ ဧရာဝတီမြစ်သည် မကွေးမြို့အနီးမှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ အမြင့်ပေ ၁၇၀ အထက်တွင် တည်ရှိသည်။ ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၆.၅˚C ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခု ဖြစ်သည်။ ဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး လမ်းပန်းဆက်သွယ်ရေးမှာလည်း ကောင်းမွန်သည်။ အဓိက ထွက်ကုန်မှာ ဆီထွက်သီးနှံများဖြစ်သည်။ မကွေးမြို့နယ်မှ မြသလွန်စေတီတော်သည် အထူးထင်ရှားသည်။

Attractions in မကွေး