လေးကျွန်းမာရ်အောင်ဘုရား

Listing Description

လေးကျွန်းမာရ်အောင်ဘုရားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်အတွင်း တည်ရှိပါသည်။ သမိုင်းဝင် လေးကျွန်းမာရ်အောင်စေတီတော်ကြီးကို ကောဇာသက္ကရာဇ် ၁၀၇၆ ခုနှစ်တွင်နန်းတက်သော စနေမင်းတရားကြီး၏ သားတော် အင်းဝဘုရင် မှန်နန်းရှင် သိရီပဝရ မဟာဓမ္မရာဇဘွဲ့အမည်ခံ (ငယ်မည်မောင်အောင်) တနင်္ဂနွေမင်းတရားကြီးက ကောဇာသက္ကရာဇ် ၁၀၈၇ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ မြတ်စွာဘုရားသည် ဇေတဘီလူးနှင့်ပရိတ်သတ်အပေါင်းတို့အား တရားဟောပြတော်မူ၍ ထိုဇေတဘီလူးနှင့် ပရိတ်သတ်တို့ ဒိဌိဝိစိကိစ္ဆာတရားတို့ကို အပြီးချေမှုန်းနိုင်ကြကာ အောင်မြင်မှုရရှိကြပုံကို ပေါ်လွင်စေရန် ဇေတဘီလူးတို့အဖွဲ့(ဘီလူး ၉၉ ယောက် ရုပ်တု)နှင့် မြတ်စွာဘုရားရုပ်ပွားတော်အား လိုဏ်အတွင်း၌ထားလျက် အပြင်မှရှစ်ထောင့်ချိုး စေတီတည်ပြီးလျှင် ဘွဲ့တော်ကို "လေးကျွန်းမာရ်အောင်" ဟုသမုတ်ခဲ့ပါသည်။ စေတီတော်ကြီးနှင့်အတူ လိုဏ်အတွင်း စကျင်ကျောက်သားစစ်စစ်ဖြင့် သက်တော်ထင်ရှား မြတ်စွာဘုရားမှ တရားပွဲကျင်းပနေဟန် ထုလုပ်ပူဇော်ထားရှိပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၁၂၂ ပေရှိပြီး လိုဏ်အတွင်း ကျောက်ဆင်းတုရုပ်ပွားတော်ကြီးမှာ ဉာဏ်တော် ၁၂ တောင်၊ ပလ္လင်တော် ၃ တောင်၊ ဦးခေါင်းတော်လုံးပတ် ၈ တောင်၊ ဦးခေါင်းတော်အမြင့် ၃ တောင် ၃ လက်မ၊ ဒူးတော်နှစ်ဖက်အကျယ် ၈ တောင် ၁ ပေရှိပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ် တော်သလင်းလဆန်း ၈ ရက်နေ့တွင် ကျင်းပပါသည်။