"ညောင်တုန်း"

ညောင်တုန်းမြို့နယ်တွင် ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၄၄စု၊ ကျေးရွာပေါင်း ၃၀၈ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၉၉၀၀၀ ကျော် နေထိုင်သည်။ ညောင်တုန်းမြို့နယ်သည် အရှေ့မှအနောက်သို့ ၂၂.၃ မိုင်၊ တောင်မှမြောက်သို့ ၂၃ မိုင်ရှည်လျားပါသည်။ မြို့နယ်၏ဧရိယာမှာ ၃၄၈.၂၃ စတုရန်းမိုင် ကျယ်ဝန်းသည်။ ညောင်တုန်းမြို့နယ်၏ အရှေ့ဘက်တွင် ထန်းတပင်မြို့နယ်နှင့် တိုက်ကြီးမြို့နယ်၊ အနောက်ဘက်တွင် ပန်းတနော်မြို့နယ်နှင့် ဓနုဖြူမြို့နယ်၊ တောင်ဘက်တွင် တွံတေးမြို့နယ်နှင့် မအူပင်မြို့နယ်၊ မြောက်ဘက်တွင် ဓနုဖြူမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့ တည်ရှိသည်။ မြစ်ဝကျွန်းပေါ် မြေပြန့် အနေအထားဖြစ်သည်။ ချောင်း၊ မြောင်း၊ အင်းအိုင် ပေါများပြီး ဧရာဝတီမြစ်၊ ပန်းလှိုင်မြစ်နှင့် ဘောလယ်မြစ်များ ရှိသည်။ ဧရာဝတီမြစ်မှာ ၁၆ မိုင် ရှည်လျားပြီး မြောက်မှတောင်သို့ စီးဆင်းသည်။ ပန်းလှိုင်မြစ်သည် အနောက်မှအရှေ့သို့ စီးဆင်းပြီး ၁၄ မိုင်ရှည်လျားသည်။ မြစ်ရေများမှာ ရေချိုဖြစ်ပြီး စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၂၀ အထက်တွင်တည်ရှိသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၅˚C ဖြစ်သည်။ စီးပွားရေး အချက်အချာကျသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ ကုန်းလမ်း၊ ရေလမ်းများဆုံရာတွင် တည်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ အဓိကထွက်ကုန်မှာ ဆန်စပါး၊ ပဲအမျိုးမျိုး၊ ငါး၊ ငါးပိ၊ ငါးခြောက်နှင့် ရာသီကုန် ဟင်းသီးဟင်းရွက်များဖြစ်ကြသည်။

Attractions in ညောင်တုန်း