"ကန်ကြီးထောင့်"

ကန်ကြီးထောင့်မြို့နယ်သည် ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၇၃ စု၊ ကျေးရွာပေါင်း ၃၈၆ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၇၇၁၂၉ ကျော် နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်းမှာ အရှေ့မှ အနောက်သို့ ၁၉ မိုင်ရှိပြီး တောင်မှ မြောက်သို့ ၂၈ မိုင် ရှည်လျားပါသည်။ ကန်ကြီးထောင့်မြို့နယ်၏ အရှေ့ဘက်တွင် ကျောင်းကုန်း မြို့နယ်၊ အိမ်မဲမြို့နယ်၊ မြောင်းမြမြို့နယ်၊ အနောက်ဘက်တွင် ပုသိမ်မြို့နယ်၊ တောင်ဘက်တွင် ငပုတောမြို့နယ်၊ မြောက်ဘက်တွင် သာပေါင်းမြို့နယ်တို့ တည်ရှိပါသည်။ ကန်ကြီးထောင့်မြို့နယ်သည် မြစ်ချောင်းပေါများသော ဒေသဖြစ်ပြီး ဒါးက မြစ်သည် မြောက်မှတောင်သို့လည်းကောင်း၊ ပေပင်မြစ်သည် မြောက် မှ တောင်သို့လည်းကောင်း၊ ငဝန်မြစ်သည် မြောက်မှတောင်သို့ လည်းကောင်း၊ စီးဆင်းပါသည်။ ရာသီမရွေး သွားလာနိုင်သော မြစ်များ ဖြစ်ပြီး အချို့မြစ်ချောင်းများမှာ နွေရာသီတွင် စက်လှေများသာ သွားလာ နိုင်ပါသည်။

ဒေသသမိုင်းအကျဉ်း

လွန်ခဲ့သော နှစ်တစ်ရာကျော်ခန့်တွင် ရွှေဘိုမြို့မှ ဘုန်းတော်ကြီးတစ်ပါးသည် ကန်ကြီးထောင့်ဒေသသို့ သာသနာပြုရန် ရောက်ရှိလာပြီး ရွှေဘိုဘုန်းတော်ကြီးကျောင်း တည်ဆောက်ခဲ့ပါသည်။ . ထိုအချိန်တွင် အိမ်ခြေအနည်းငယ်သာရှိပြီး ရွာစတင်ဖြစ်ခဲ့ပါသည်။ ဘုရားတည်ရန် ယခု ဈေးနှင့် မကျည်းတန်းလမ်းအကြားတွင် အုတ်ဖုတ်ခဲ့သဖြင့် ကန်ကြီးဖြစ် ပေါ်လာပါသည်။ ကန်ကြီးမှာ မိုးလင်းချိန်တွင် မီးထတောက်သဖြင့် ကန်မီး တောက် (ကရင်ဘာသာဖြင့် မိခိုက်လန်-မီးတောက်ရွာ) ဟု စတင်ခေါ်ဝေါ်ပါသည်။ ကန်မီးတောက်မှ ကာလ ကြာမြင့်သောအခါ ကန်ကြီးထောင့်ဟု အမည် ပြောင်းလာခဲ့ခြင်းဖြစ်ပါသည်။ ၁၉၉၀ ခုနှစ်တွင် ပြည်ထဲရေး နှင့် သာသနာ ရေး ဝန်ကြီးဌာန၏ (၆.၈.၁၉၉၀) ရက်စွဲပါ စာအမှတ် - ၂/၃၁၁/အထ (၂) အမိန့်ကြော်ငြာစာအရ မြို့ချောင်းကျေးရွာအုပ်စု၊ မြက်တိုကျေးရွာဒေသ တွင် မြေဧရိယာ (၂၂၈၆၈) ဧက၊ ရပ်ကွက် (၁) ရပ်ကွက်၊ (အရှေ့ရုံး ရပ်ကွက်) ပါဝင်သော ပုသိမ် အရှေ့မြို့ကို သတ်မှတ်ခဲ့ပြီး ပုသိမ်အရှေ့ မြို့နယ်ရုံးများကို ပုသိမ်အနောက်မြို့နယ်မှ ခွဲထွက်၍ ရုံးစိုက်ပြီး၊ အုပ်ချုပ်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၉.၂.၉၆) ရက်စွဲပါစာအမှတ် - ၃/၂၆/အထ(၂) အမိန့်ကြော်ငြာစာအရ ပုသိမ်အရှေ့ မြို့နယ်မှ ရွှေမြင်တင်ကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာအုပ်စု၊ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ မြို့ချောင်းကျေးရွာအုပ်စု၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုနှင့် ကိုးဆူကျေးရွာ အုပ်စုပေါင်း (၇) အုပ်စုကို ပုသိမ်မြို့နယ်သို့ ထည့်သွင်း ဖွဲ့စည်းခဲ့ပြီး ပုသိမ်အနောက်မြို့နယ်ကို ပုသိမ်မြို့နယ်ဟုလည်းကောင်း၊ ပုသိမ်အရှေ့မြို့နယ်ကို ကန်ကြီးထောင့် မြို့နယ်ဟုလည်းကောင်း၊ အမည်ပြင်ဆင်သတ်မှတ် ဆောင်ရွက်ခဲ့ပါသည်။

Attractions in ကန်ကြီးထောင့်