"တောင်သာ"

တောင်သာမြို့နယ်သည် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၇၇ စု၊ ကျေးရွာပေါင်း ၂၄၃ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၄၇၉၀၄ ကျော် နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှ အနောက်သို့  ၃၂ မိုင်နှင့် တောင်မှ မြောက်သို့ ၂၂ မိုင် ရှည်လျားပြီး မြို့နယ်ဧရိယာအကျယ်အဝန်း ၅၀၇.၂၁ စတုရန်းမိုင်ရှိသည်။ တောင်သာမြို့နယ်၏ အရှေ့ဘက်တွင် မလှိုင်မြို့နယ်နှင့် ၁၄/၂ မိုင်၊ တောင်ဘက်တွင် ကျောက်ပန်းတောင်း မြို့နယ်နှင့် ၂၁/၀ မိုင် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ပုဂံညောင်ဦးမြို့နယ် နှင့် ၁၄/၂ မိုင်၊ ပခုက္ကူ မြို့နယ်နှင့် ၈/၂ မိုင်ထိစပ်လျက် ရှိပြီး မြောက်ဘက်တွင် မြင်းခြံ မြို့နယ်နှင့် ၆/ ၂ မိုင် ၊ နွားထိုးကြီးမြို့နယ်နှင့် ၇/၁ မိုင်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

မြို့နယ်၏ တစ်ဝက်ခန့်မှာ တောင်တန်း၊ တောင်ကုန်း၊ တောင်စွယ်၊ ရေဝေရေလဲ ကုန်းတန်း ၊ ရိုးချောင်းများဖြင့် ရောယှက်နေသည့် မညီညာသော ချိုင့်ဝှမ်းဖြစ်ပြီး ကျန်တစ်၀က်မှာ မညီညာသောလွင်ပြင်ဖြစ်ပါသည်။ မြို့နယ်အတွင်းရှိ တောင်သာတောင်၏ အမြင့်ပေမှာ ၁၇၈၈ ပေ၊ နန်းမြင့်တောင်၏ အမြင့်ပေမှာ ၁၃၁၅ ပေ၊ အိုးတောင်၏အမြင့်ပေမှာ ၁၃၆၈ ပေ၊ မြင်စိုင်းတောင်၏ အမြင့်ပေမှာ ၁၃၁၆ ပေရှိပါသည်။ တောင်သာမြို့နယ်အတွင်း ဆင်တဲဝချောင်းသည် အရှည် ၁၈ မိုင်ရှိပြီး ဧရာဝတီမြစ်ထဲသို့ စီးဝင်ကာအကျယ် ၁ မိုင်ခန့်ရှိပါသည်။ ဧရာဝတီမြစ်သည် မြို့နယ်အတွင်း ၉ မိုင်ခန့် ဖြတ်သန်းစီးဆင်းပါသည်။

ဒေသသမိုင်းအကျဉ်း

ပေါက္ကံပြည်၊ အလောင်းစည်သူမင်းကြီးသည် ဖောင်စင်္ကြာဖြင့် တိုင်းခန်းလှည့်လည်တော်မူရာ ယခု ကျောက်ရင်းအရပ်တွင် ဓါတ်တော် အစစ်ပါသော ဓာတုစေတီနှင့် ဥဒိဿစေတီ ၂ ဆူတို့ ကိုးကွယ်ခဲ့ပြီး "ကျောက်ရစ်ရွာ" ဟု သမိုင်း ချီတော်မူခဲ့ပါသည်။ ထိုမှတစ်ဆင့် မြို့အဖြစ်ထင်ရှားလာကာ ကာလရွေ့လျားပြီး "ကျောက်ရင်း"ဟု ခေါ်တွင်ခဲ့ပါသည်။ ယခု တောင်သာမြို့သည် ထိုအချိန်က "အိုင်သာ"ရွာအမည်ဖြင့် ကျောက်ရင်းသူကြီးလက်အောက်ခံ ရွာတစ်ရွာ အဖြစ် တည်ရှိခဲ့ပါသည်။ ထိုအချိန်က ကျောက်ရင်းမြို့တွင် ပေတစ်ပင် ပေါက်ခဲ့ရာ “ပေတစ်သီး ကျီးတစ်သား”ဟု ဆိုရိုးစကားဖြင့် ဆန့်ကျင်လျက် ပေပင်သည် တစ်ကြိမ်သီးပြီးသော်လည်း မသေဘဲအတက်များဝေဆာစွာ ပေါက်နေသည်။ ထိုအချင်းအရာကို ပညာရှင်များ ကျောက်ရင်းမြို့၏ တောင်ဘက်တွင် မြို့တောင်သာလိမ့်မည်ဟု နိမိတ်ပေးကြရာမှစပြီး ''အိုင်သာကို တောင်သာ" ဟု ၁၁၆၄ ခုနှစ်တွင် ပြောင်းလဲခေါ်ခဲ့ရာမှ တောင်သာမြို့အဖြစ်တည်ရှိလာ ခဲ့ပါသည်။ တောင်သာမြို့ တည်သည့် သက္ကရာဇ်ကို “ဥဩ သံရှည် တောင်သာတည်” ဟု မှတ်သား ပြောဆိုလွယ်စေရန် ဆိုရိုး ပြုခဲ့ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၏ (၃၁ - ၇ - ၁၉၇၂) ရက်စွဲပါ စာအမှတ်၊ ၁၀၃၄၉ / စိတ်(၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ တောင်သာမြို့အဖြစ် ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၂၈-၂-၁၉၇၃) ရက်စွဲပါစာအမှတ်၊ ၃ / ၆၉/ အထ(၂)ဖြင့် တောင်သာမြို့နယ် အဖြစ်ဖွဲ့စည်းခဲ့ပါသည်။

Attractions in တောင်သာ