"ကွမ်းခြံကုန်း"

၁၈၈၀ ခုနှစ်နောက်ပိုင်းကာလတွင် ကွမ်းခြံကုန်းမြို့သည် မြို့အဖြစ် တည်ရှိလာခဲ့ပြီး ၁၉၁၄ ခုနှစ်တွင် မစ္စတာဖာနီဗယ်နှင့် မစ္စတာမောရစ်ဆင်တို့ ရေးသားပြုစုခဲ့သော ‘သန်လျင်ဂေဇက်တီးယား’အရ “ကွမ်းခြံကုန်းမြို့”ဟူ၍ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ရွာလယ်ပိုင်း၊ ရုံးပိုင်း၊ မင်းတံတားပိုင်း၊ တော်ပုလွဲတို့မှာ မြို့၏ ရှေးအကျဆုံး ရပ်ကွက်များဖြစ်သည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၁၆.၉.၁၉၇၂ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ကွမ်းခြံကုန်းမြို့ကို ဖွဲ့စည်းခဲ့သည်။ ကွမ်းခြံကုန်းမြို့နယ်တွင် ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၄၃ စု၊ ကျေးရွာပေါင်း ၁၃၅ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၂၀၀၀၀ ကျော် နေထိုင်ပါသည်။ ကွမ်းခြံကုန်းမြို့နယ်သည် အရှေ့မှအနောက်သို့ ၃၀.၂ မိုင်၊ တောင်မှမြောက်သို့ ၁၃.၂ မိုင် ရှည်လျားပြီး ၂၈၈.၂၉ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေ မျက်နှာပြင်အမြင့်မှာ ၁၀ ပေ ဖြစ်ပါသည်။ အရှေ့ဘက်နှင့် မြောက်ဘက်တွင် ကော့မှူးမြို့နယ်၊ အနောက်ဘက်တွင် ဒေးဒရဲမြို့နယ်၊ တောင်ဘက်တွင် မုတ္တမပင်လယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ ကွမ်းခြံကုန်းမြို့နယ်သည် မြစ်ချောင်းများ ပေါများပြီး တောင်မှမြောက်သို့ စီးဆင်းလျှက်ရှိသည်။ တိုးမြစ်နှင့် သခွတ်မြစ်တို့မှာ ထင်ရှားသော မြစ်များဖြစ်သည်။ ဒေသတွင်းရှိ ရေအများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေနှင့် သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပါသည်။ ကွမ်းခြံကုန်းမြို့နယ်ရှိ မြစ်ချောင်းများမှာ တစ်နှစ်ပတ်လုံး သင်္ဘော/စက်လှေများ သွားလာနိုင်ပါသည်။ ကွမ်းခြံကုန်းမြို့နယ်သည် မုတ်သုံရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၈˚C ဖြစ်သည်။ ကွမ်းခြံကုန်းမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိပြီး ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်သောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းတို့ကို အဓိကလုပ်ကိုင်ကြပြီး မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်သည်။

Attractions in ကွမ်းခြံကုန်း