"မလှိုင်"

မလှိုင်မြို့နယ်သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၅၂ စု၊ ကျေးရွာပေါင်း ၂၄၇ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၇၈၅၆၁ ကျော်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၄၂၈.၇၀ စတုရန်းမိုင်ရှိပါသည်။ မလှိုင်မြို့နယ်၏ မြောက်ဘက်တွင် မြင်းခြံခရိုင် ၊ တောင်သာ မြို့နယ် ၊ နွားထိုးကြီးမြို့နယ် ၊ တောင်ဘက်တွင် မိတ္ထီလာခရိုင် ၊ မိတ္ထီလာ မြို့နယ် ၊ အရှေ့ဘက်တွင် မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းမြို့နယ် ၊ အနောက် ဘက်တွင် မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် တည်ရှိပါသည်။ မြို့နယ်၏ မြောက်ပိုင်းတွင် ယာမြေများဖြင့် ညီညာသောလွင်ပြင် ရှိပြီး အရှေ့ပိုင်းတွင် ကျောက်စရစ်ကုန်းမြေများ ၊ ဆပ်ပြာမြေများ ၊ တောင် ဘက်တွင် လျှိုမြောင်ချောက်ကမ္ဘားများ ၊ အနောက်ဖက်တွင် ပုပ္ပားတောင် နှင့် ထိစပ်နေသော တောင်ကုန်း၊ တောင်တန်းများ တည်ရှိပါသည်။ မြို့နယ်အတွင်း ထင်ရှားသော ချောင်းများဖြစ်သည့် သင်ပုန်းချောင်း(ခေါ်) ရေချိုချောင်းသည် တောင်ပုလုဆည်သို့လည်းကောင်း၊ သိမ်ကုန်းချောင်းမှစ၍ နဝရတ်ချောင်း အမည်ခံပြီး တံခွန်တိုင်ဆည်သို့လည်းကောင်း၊ ဘူးတောင်းချောင်း အမည် ခံ၍ စည်သူဆည်အတွင်းသို့လည်းကောင်း၊ ညောင်အုပ်ချောင်းအမည်ခံ၍ ဇီးတောဆည်သို့လည်းကောင်း၊ လယ်ဗျားမှ စတင်စီးဆင်းလာသော ချောင်းနှင့် ကျောက်တန်းမှ စတင်စီးဆင်းလာသောချောင်းသည် မြင်းဦးလှည့်ချောင်းအမည်ခံ၍ ဆင်တဲဝချောင်းသို့လည်းကောင်း၊အသီးသီး စီးဝင်ပါသည်။ မြို့နယ်၏ မြောက်ပိုင်းတွင် ယာမြေများဖြင့် ညီညာသောလွင်ပြင်ရှိပြီး အရှေ့ပိုင်းတွင် ကျောက်စရစ်ကုန်းမြေများ ၊ ဆပ်ပြာမြေများ ၊ တောင် ဘက်တွင် လျှိုမြောင်ချောက်ကမ္ဘားများ ၊ အနောက်ဖက်တွင် ပုပ္ပားတောင်နှင့် ထိစပ်နေသော တောင်ကုန်းတောင်တန်းများ တည်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

 မလှိုင်မြို့ရှိ ရွှေမုဌောစေတီတော်မြတ်ကြီးသည် သာသနာသက္ကရာဇ် ၂၁၄ ခုနှစ် တော်သလင်းလပြည့်ကျော် ၁ ရက် (BC ၃၃၀)တွင် တည်ထားသည်ဟူသော ဘုရားသမိုင်းအရလည်းကောင်း ၊ ပုဂံပြည် ကို ပထမတည်ထားသော သမုဒ္ဒရာဇ်မင်း မတိုင်မီကပင် မလှိုင်မြို့နယ် ပြူကန်ရွာတွင် ပြူတို့ကျေးရွာ တည်ထောင်နေထိုင်ကြကြောင်းကို ဆည်ထိပ်ကျေးရွာ ရွှေစာပင်စေတီတော် အထောက်အထားအရ လည်း ကောင်း၊ သက္ကရာဇ် ၄၇၅ ခုနှစ် ပန်းအိုင်ရွှေမုဌောဘုရားသည် ရှေးဟောင်း သာရဇေယျကျမ်းအရလည်းကောင်း မလှိုင်ရွာရှိ ပုပ္ပရုံရတနာဦးစေတီ တော် လောကဉာဏ်ထွန်းလင်း ရုပ်ပွားတော်ကြီးအကြောင်း ကမ္ပည်း ရေးထိုးထားသည့် ကြေးသွန်းခေါင်းလောင်းကြီးတွင် ၁၁၆၃ ခုနှစ် တန်ခူး လပြည့်ကျော် ၁၁ ရက် တနင်္ဂနွေနေ့တွင် ရေစက်သွန်းချ အမျှဝေခဲ့ ကြောင်း အထောက်အထားအရလည်းကောင်း၊ မလှိုင်မြို့နယ်သည် ရှေး ကာလကြာရှည်ကပင် ရွာအဖြစ် တည်ထောင်ခဲ့ကြောင်း သိရှိရပါသည်။ ဆရာတော်ဦးတိလောက (ရဝေထွန်း) ပြန်ဆိုသည့် ပရိယတ္တိစာတမ်းတွင် မြို့ပိုင်ရုံးစိုက်ရာ ယခုမြို့သည် မြန်မာမင်းများ လက်ထက်ကလည်း မြို့ဟု ခေါ်ဘူးကြောင်း အထောက်အထားတွေ့ရသည်။ ထိုစဉ်က“မလှိုင်”သည် မြို့ဖြစ်သည်ဟု သိရသော်လည်း လွန်ခဲ့သောနှစ်ပေါင်း ၁၇၀ ကျော် ဘိုးတော်ဘုရားလက်ထက်လောက်က ရွာတစ်ရွာသာဖြစ်ကြောင်း ရှေး ခေါင်းလောင်းတခုက ဖေါ်ပြပေသည်ဟု ရေးသားထားပေသည်။ ထို့အပြင် ပန်းအိုင်ရွာမှ ဆရာကြီးဦးမြင့်ဦး၏ လေ့လာမှတ်တမ်းအရ မလှိုင်၊ ပန်းလှိုင်၊ ပန်းအိုင် ရွာညီနောင်သည် နိဂုံးများ ၊ မြန်မာဘုရင်များ လက်ထက်ကပင် ပန်းတလှည်း(ပင်းတလဲ)စီရင်စု၊ ပင်းတလဲမြို့ဝန်၏ လက်ထက်အောက် တွင် ရှိခဲ့ကြောင်း သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သော ရွှေမုဌော ဘုရားအနီးတွင် ပန်းများ လှိုင်နေသည်ကို အစွဲပြု၍ ပန်းလှိုင်ဟု အမည် ပေး ပညတ်ခဲ့ရာ ကာလရှည်ကြာလာသည့်အချိန်တွင် “မလှိုင်”ဟု ဖြစ်ပေါ် လာခဲ့ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၁၉၇၂ ခုနှစ် ဇူလိုင်လ ၁၅ ရက် အမိန့်ကြော်ငြာ စာအမှတ် (၃၀၂) ဖြင့် “မြို့”အဖြစ် သတ်မှတ်ခဲ့သည်။

Attractions in မလှိုင်