"ပွင့်ဖြူ"

ပွင့်ဖြူမြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၉.၆.၁၉၇၂) ရက်စွဲပါအမိန့်စာအမှတ် (၂၅၂) ဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ပွင့်ဖြူမြို့နယ်တွင် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၅၂ စု၊ ကျေးရွာပေါင်း ၂၀၄ ရွာ ပါဝင်ပါသည်။ စုစုပေါင်းလူဦးရေမှာ ၁၈၁၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၅၀ မိုင်၊ တောင်မှမြောက်သို့ ၂၀ မိုင် ရှည်လျားပါသည်။ ပွင့်ဖြူမြို့နယ်သည် ၄၇၁.၀၄၁ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ရေနံချောင်းမြို့နယ်၊ တောင်ဘက်တွင် မင်းဘူး(စကု)မြို့နယ်၊ အနောက်ဘက်တွင် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်၊ မြောက်ဘက်တွင် စလင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိသည်။ မြို့နယ်၏အလယ်တွင် မုန်းချောင်းဖြတ်သန်းစီးဆင်းနေသဖြင့် မုန်းချောင်းချိုင့်ဝှမ်းရှိပြီး ညီညာပြန့်ပြူးပါသည်။ ထင်ရှားသောတောင်များမှာ လွမ်းတောင်၊ မြကျိုင်းတောင်၊ သံဆည်တောင်တို့ဖြစ်သည်။ တောင်ကုန်းတောင်တန်း ပေါများပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသည်။ ဧရာဝတီမြစ်မှာ မြောက်မှတောင်သို့စီးဆင်းပြီး မုန်းချောင်းမှာ အနောက်မှအရှေ့သို့ စီးဆင်းပါသည်။ မုန်းချောင်း ရေမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုပါသည်။ မုန်းချောင်းမှာ နွေရာသီတွင် ရေအနက် ၃ ပေခန့်သာရှိ၍ သာမန်လှေငယ်များသာ သွားလာနိုင်သည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပျမ်းမျှအမြင့် (၂၀၀) ပေတွင် တည်ရှိသည်။ ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၂ ဒီကရီ စင်တီဂရိတ်ဖြစ်သည်။ စီးပွားရေး အသင့်အတင့် ဖွံ့ဖြိုးတိုးတက်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ ကုန်းလမ်း၊ ရေလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ အဓိက ထွက်ကုန်မှာ ဆန်၊ စပါး၊ ပဲအမျိုးမျိုး တို့ဖြစ်သည်။

Attractions in ပွင့်ဖြူ