"မိုးကုတ်"

မိုးကုတ်မြို့နယ်သည် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၂၉ စု၊ ကျေးရွာပေါင်း ၁၃၁ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၈၅၈၉၃ ကျော်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၄၅၃.၆ စတုရန်းမိုင်ရှိပါသည်။ မိုးကုတ်မြို့နယ်၏အရှေ့ဘက်တွင် ကျောက်မဲမြို့နယ်၊ တောင်ဘက်တွင် ကျောက်မဲမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မိုးမိတ် မြို့နယ်နှင့် နယ်နိမိတ် ထိစပ်လျက် ရှိပါသည်။ မိုးကုတ်မြို့နယ်သည် တောင်ကုန်းတောင်တန်းထူထပ်သော ဒေသ တစ်ခုဖြစ်ပြီး မြေပြန့်အနည်းငယ်သာ တည်ရှိပါသည်။ မြို့နယ်အတွင်းရှိ ကင်းချောင်းသည် ၁၂ မိုင် ရှည်လျားပြီး တောင်မှမြောက်သို့ စီးဆင်းပြီး နမ့်ပိုင်ချောင်းသည် ၁၁ မိုင်ရှည်လျားပြီး မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။ မိုးကုတ်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် .ပျှမ်းမျှအမြင့်  ၃၈၅၈ ပေအထက်တွင် တည်ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

ရှေးဟောင်းတဘောင်တစ်ခု၏အဆိုအရ မိုးကုတ်မြို့မတည်မီ မြို့နှင့် ၃ မိုင်ဝေးသော သဖန်းပင်ရွာသည် အစဦးတည်သည်ဟု အဆိုရှိပါ သည်။ ၄င်းတဘောင်မှ (ကိတ်၊နဂါး၊ကြွက်၊ သုံးဘော်ထွက်၊ ကျောက်မျက် ရတနာ ပေါ်ထွက်လာ၊ ဂန္ဓာလတိုင်း၊ သမိုင်းပွင့်ဆန်း၊ ပင်သဖန်းဟု မော်ကွန်း ထိုးထုတ်၊ မြို့မိုးကုတ်)ဟူ၍ ဆိုထားသဖြင့် သဖန်းပင် ရွာတည်ပြီး မိုးကုတ် တည်ကြောင်း ထင်ရှားပါသည်။

မြန်မာသက္ကရာဇ် (၅၇၉)ခုနှစ်တွင် သဖန်းပင်ရွာတည်သည်။ ရှေးဦး တည်ပုံမှာ မိုးမိတ်၊ မိုးလှိုင်ကို အစိုးရသော စော်ဘွားကြီး သိုဟန်ဖတ် လက်ထက် ၄င်း၏ပိုင်နက်အတွင်းဖြစ်သည့် ယခုမိုးကုတ်မြို့တည်မည့် ဒေသ ကို ရှမ်းမုဆိုးသုံးယောက်သည် တောလည်ရင်း ထွက်လာရာ လမ်းမှား၍ တောင်ခြေရင်းရှိ သဖန်းပင်ကြီးအောက်၌ပင် မိုးချုပ်၍အိပ်ကြရသည်။ နံနက် မိုးသောက်ချိန်ရောက်သော် ... တောင်ကမ်းပါးတစ်ခုသည် ပြိုကျနေ၍ ကောင်းကင်ယံမှ ကျီး၊ စွန်များသည် ၄င်းအရပ်တွင် ပျံဝဲနေသည်ကို မြင်ရ သဖြင့် သွားရောက်ကြည့်ရှုရာ နီမြန်းသော ပတ္တမြားကို တွေ့ရသည်။ မုဆိုး တို့လည်း အားရဝမ်းသာ ထိုကျောက်နီ ပတ္တမြားကို ယူဆောင်၍ မိုးမိတ် စော်ဘွားထံ သွားရောက်ဆက်သကြသည်။ စော်ဘွားကြီးလည်း နှစ်ထောင်း အားရ ဝမ်းမြောက်သဖြင့် မုဆိုးတို့အား ဆုတော်ငွေ ၃၀ဝ ပေးပြီးလျှင် အိုးစား ၃၀ ကြီးမှူးသော ဟိန်တစ်ယောက်အုပ်ချုပ်စေ၍ တစ်အိုးစားဘိုး ငွေ ၃၀ဝ နှစ်စဉ်ထောက်ပံ့ကာ ပတ္တမြားမြေကို စောင့်ရှောက်ရန် ပို့ထား သောကြောင့် ထိုတောင်ခြေရင်းအနီးရှိ သဖန်းပင်ကြီးနားတွင် ရွာတည် တော့သည်။ ရှေးဦးစွာ ပတ္တမြားကျောက်နီများ တွေ့ရသော ကျီးများ ပျံဝဲသည့် တောင်ကို ယခုတိုင် ကျီးအာတောင်ဟု ခေါ်သည်။

သဖန်းပင်ရွာမှ ရှမ်းလူမျိုးများ ယခုမိုးကုတ်မြို့တည်ရာ ဌာနသို့ လာရောက်၍ ချိုင့်ဝှမ်းအတွင်း လယ်ယာလုပ်ကိုင်ကြရာ ညနေချိန် အပြန် တွင် မိုးစောစောချုပ်သဖြင့် ထိုဒေသကို မိုးစောစောချုပ်သောမြို့ (ကံဝမ် ခမ်ဆောက်မိန်း)ဟူ၍ ပြောစမှတ်ပြုရာမှ မိုးကုတ်ဟုတွင်လာသည်။ မိုးကုတ်ပတ်လည်တွင် တောင်မြင့်ကြီးများ တည်ရှိသဖြင့် နေဝင်စောသော ကြောင့် အလင်းရောင် ကွယ်ပျောက်လွယ်၍ မိုးမြန်မြန်ချုပ်ခြင်း ဖြစ်ပါ သည်။

မိုးကုတ်မြို့၏အမည်ရင်းမှာ မိန်းကွတ်ဟူသော ရှမ်းဘာသာမှ ဆင်းသက်လာသည်ဟုလည်း မှတ်တမ်းများတွင် တွေ့ရှိရပါသည်။ အဓိပ္ပါယ်မှာ မိန်းမှာ မြို့၊ ကွတ်မှာ ကောက်ကွေ့ခြင်းကို ဆိုလိုသည်။ မိန်းကွတ်မှ မိုးကုတ်ဟု ခေါ်ခြင်းဖြစ်သည်။

အခြားအယူအဆတစ်ခုမှာ မိန်းကု(ပ)ဟူသော ရှမ်းဘာသာ စကား မှ ဆင်းသက်လာသည်။ မိန်းဟူသည်မှာ မြို့၊ ကု(ပ)မှာ ခမောက်ကို လှန်ထားသကဲ့သို့ ဘေးပတ်လည်တွင် တောင်များ ဝိုင်းကာလျက် အလယ် ချိုင့်ဝှမ်းအရပ်မှာ ဒယ်အိုးကဲ့သို့ ရှိနေခြင်းကြောင့် မြို့ခမောက်၊ ဒယ်အိုးမြို့၊ ချိုင့်ဝှမ်းတွင် တည်ရှိနေသော မြို့ဟုလည်း ဆိုပါသည်။ အခြားအယူအဆ တစ်ခုမှာလည်း မိန်းကတ်မှ ဆင်းသက်လာသည်ဟု ဆိုပြန်သည်။ မိန်းမှာ မြို့၊ ကတ်မှာ ချမ်းအေးခြင်း၊ အလွန် ချမ်းအေးသောမြို့ဟု ဆိုလိုသည်။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၁၉၇၂ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာ စာအမှတ်၊ ၁၀၃/ ၄၁/ စိတ်(၁)ဖြင့် မိုးကုတ်မြို့အား ရပ်ကွက် ၃ ရပ်ကွက်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့ ရက်စွဲပါ စာအမှတ်၊ ၂/ ၁၅၂/ အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ မိုးကုတ်မြို့အား မူလရပ်ကွက် ၃ ရပ်ကွက်မှ ရပ်ကွက်(၅)ရပ်ကွက်သို့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၄င်း အပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၏ ၁၉၉၉ ခုနှစ်၊ မေလ(၃)ရက်နေ့ ရက်စွဲပါ စာအမှတ်၊ ၁/ဝ-၉/စရခ(၀၃)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ မိုးကုတ်မြို့နယ်အတွင်းရှိ ကျပ်ပြင်နှင့် ကသဲကျေးရွာအုပ်စုတို့အား မိုးကုတ် မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ နယ်နိမိတ် အဖြစ် ထည့်သွင်း၍ တိုးချဲ့ ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) ၁၅-၇-၇၂ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀၃/ ၄၁/ စိတ်(၁)ဖြင့် ဖွဲ့စည်းခဲ့သည့် မြို့ရပ်ကွက်များ

(၁) မြို့မရပ်ကွက်

(၂) ရှောလီဝိုင်းရပ်ကွက်

(၃) မင်းတံတားရပ်ကွက်

(ခ) ၁၉-၁၂-၉၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊၂/ ၁၅၂/အထ(၂)ဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့သည့် မြို့ရပ်ကွက်များ

(၁) မြို့မရပ်ကွက်

(၂) ရှောလီဝိုင်းရပ်ကွက်

(၃) မင်းတံတားရပ်ကွက်

(၄) လယ်ဦးရပ်ကွက်

(၅) ရေပူရပ်ကွက်

(ဂ) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၏ ၃-၅-၉၉ ရက်စွဲ ပါ အမိန့်ကြော်ငြာစာအမှတ်၊၁/၀-၉/စရစ(၁၃)ဖြင့် ဖွဲ့စည်းထားရှိသည့် မြို့စည်ပင်သာယာရေးအဖွဲ့၏ နယ်နိမိတ်အတွင်း ပါဝင်သည့် ရပ်ကွက်/ ကျေးရွာအုပ်စုများ

(၁) မြို့မရပ်ကွက်

(၂) ရှောလီဝိုင်းရပ်ကွက်

(၃) မင်းတံတားရပ်ကွက်

(၄) လယ်ဦးရပ်ကွက်

(၅) ရေပူရပ်ကွက်

(၆) ကျပ်ပြင်ကျေးရွာအုပ်စု

(၇) ကသဲကျေးရွာအုပ်စု

Attractions in မိုးကုတ်