ဗဟန်းမြို့နယ်သည် ရှေးအခါက ဝိဇ္ဇာ၊ ဇော်ဂျီများ၏ ထွက်ရပ်ပေါက် လုပ်ငန်းအတွက် အသုံးပြုသော ဗဟုံးကျောက်များ ထွက်ရှိရာဒေသဖြစ်၍ ကျောက်ထွက်ရှိရာ ဒေသအား အစွဲပြု၍ ကာလရှည်ကြာလာသောအခါ ဗဟုံးအရပ်ဒေသမှ ဗဟန်းဒေသအဖြစ် ပြောင်းလဲခေါ်တွင်လာခြင်း ဖြစ်ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၏ (၁၀.၄.၁၉၇၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ဗဟန်းမြို့နယ် အဆင့်ဆင့် သတ်မှတ်ခဲ့ပါသည်။ ပင်လယ်ရေ မျက်နှာပြင်အမြင့် ၁၂၀ ပေ တွင် တည်ရှိပါသည်။ ဗဟန်းမြို့နယ်သည် ရပ်ကွက် (၂၂) ခုဖြင့် ဖွဲ့စည်းထားရှိပြီး ဧရိယာစတုရန်းမိုင် ၃.၄၁၃ မိုင် ကျယ်ဝန်းပါသည်။ လူဦးရေပေါင်း ၇၈၀၀၀ ကျော် နေထိုင်ပါသည်။ ဗဟန်းမြို့နယ်၏ မြောက်ဘက်တွင် မရမ်းကုန်းမြို့နယ်နှင့် ရန်ကင်းမြို့နယ်၊ အရှေ့ဘက်တွင် တာမွေမြို့နယ်၊ တောင်ဘက်တွင် မင်္ဂလာတောင်ညွန့်နှင့် ဒဂုံမြို့နယ်၊ အနောက်ဘက်တွင် စမ်းချောင်းမြို့နယ်၊ ကမာရွတ်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသည်။ ဗဟန်းမြို့နယ်သည် အင်းယားကန်ဖျား၊ ကန်တော်ကြီးရေကန်နှင့် ဆက်စပ်လျှက် ရှိသည်။ ဗဟန်းမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၄၀.၂˚C ဖြစ်သည်။ ဗဟန်းမြို့နယ်သည် စီးပွားရေး အချက်အချာကျသော မြို့နယ်တစ်ခုဖြစ်ပြီး မြို့နယ်အတွင်း ဆက်သွယ်သွားလာမှု လွယ်ကူပါသည်။ ဗဟန်းမြို့နယ်တွင် အကြီးစားစက်မှုလုပ်ငန်း နိုင်ငံပိုင် (၁) ခု၊ ပုဂ္ဂလိကပိုင် (၁) ခုနှင့် အိမ်တွင်း စက်မှုလုပ်ငန်း ၁၉၂ ခုဖြင့် လုပ်ငန်းဆောင်ရွက်မှု ရှိသော်လည်း ယခုအခါ စက်မှုဇုန်များတွင်သာ လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ ဗဟန်းမြို့နယ်တွင် ဟိုတယ် ၄၆ ခု၊ တည်းခိုခန်း ၅ ခု၊ မိုတယ် ၂ ခု၊ အင်း ၃ ခု၊ နိုင်ငံပိုင်ဆေးရုံ ၃ ရုံ၊ ပုဂ္ဂလိကဆေးရုံကြီး ၄ ခု၊ ပုဂ္ဂလိကဆေးပေးခန်း ၅၈ ခု၊ ကားအရောင်းပြခန်း ၁၅ ခု၊ ပုဂ္ဂလိကဘဏ် ၁၅ ခုတို့တည်ရှိပါသည်။ ဗဟန်းမြို့နယ်မှ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရား၊ အာဇာနည်ဗိမာန်တို့မှာ အထူးထင်ရှားပါသည်။