"လေးမျက်နှာ"

လေးမျက်နှာမြို့နယ်သည် ဧရိယာစတုရန်းမိုင် ၄၀၀.၂၇ ကျယ်ဝန်းပြီး မြို့နယ်အတွင်း လူဦးရေစုစုပေါင်း ၁၁၀၀၈၀ ခန့်နေထိုင်ပါသည်။ လေးမျက်နှာမြို့နယ်၏ အရှေ့ဘက်တွင် ဟင်္သာတမြို့နယ်၊ တောင်ဘက်တွင် ပုသိမ်ခရိုင်၊ ကျုံပျော်နှင့် ရေကြည်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နှင့် ထိစပ်လျက် ရှိပြီး မြောက်ဘက်တွင် အင်္ဂပူမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ ငဝန်မြစ်သည် လေးမျက်နှာမြို့နယ်၏ အလယ်ဗဟိုမှဖြတ်၍ မြောက်မှတောင်သို့ဖြတ်သန်း စီးဆင်း ပါသည်။ မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသည့်မြစ်မှာ င၀န်မြစ် ဖြစ်ပါသည်။ မြစ်ချောင်းအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်သည်။ င၀န်မြစ်သည် သင်္ဘော/စက်လှေများလည်း သွားလာနိုင်သောမြစ် ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

တလိုင်းမြို့ကို အလောင်းမင်းတရားကြီး အောင်နိုင်၍ မြန်မာဘုရင်၏ ပဲ့နင်းကြီးသမ္မန္ဓသည် ရုံးစိုက်ရန်အတွက် မြေနေရာရှင်းလင်းစဉ် ဗညားဒလ တည်ခဲ့သော မုခ်လေးခုနှင့် ဘုရားကိုတွေ့ရှိရပါသည်။ ထိုဘုရားသည် အရပ်လေးမျက်နှာကို မုခ်ဦးမူ၍ တည်ထားသဖြင့် လေးမျက်နှာဘုရားဟုခေါ်ဆိုကြောင်း၊ မုခ်လေးဘက်ပါသော ဘုရားကိုအစွဲပြု၍ လေးမျက်နှာမြို့ဟု မှတ်သားကြောင်း သိရှိရပါသည်။ ၁၉၉၃ ခုနှစ် စက်တင်ဘာ(၁၅)ရက်နေ့တွင် ငဝန်မြစ်၏ ကမ်းပြိုကမ်းစားမှုကြောင့် ငဝန်မြစ်အနောက်ဘက်ခြမ်းမှ အရှေ့ ဘက်ခြမ်းသို့ ပြောင်းရွှေ့ခဲ့ပါသည်။ မြို့အား ပြည်ထဲရေးဝန်ကြီးဌာန၏ (၅-၂-၁၉၉၈) ရက်စွဲပါ အမိန့် ကြော်ငြာစာဖြင့် ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၁ အုပ်စုဖြင့် ပြန်လည်ဖွဲ့ စည်းခဲ့ပါသည်။ ပြည်ထဲရေး ဝန်ကြီးဌာန၏ (၂၄-၃-၂၀၁၆)ရက်စွဲပါ အမိန့် ကြော်ငြာ စာ(၉၆၂/၂၀၁၆)ဖြင့် ကျေးရွာအုပ်စု ၂ အုပ်စု တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၃ အုပ်စုတို့ဖြင့် ဖွဲ့စည်းထားရှိပါသည်။

Attractions in လေးမျက်နှာ