"ရေကြည်"

ရေကြည်မြို့နယ်ကို မွန်ဘုရင်များလက်ထက်တွင် ကျိုက်တမော်ဟု ခေါ်ဆိုကာ တပင်ရွှေထီး လက်ထက် သက္ကရာဇ် (၉၁၇) ခုနှစ်တွင် ပန်းတော ရေကြည်ဟု ခေါ်ပြီး မြို့အဖြစ်အခွန်ဌာန၏ (၁၉.၁၂.၁၉၀၈) ခုနှစ် ရက်စွဲပါ အမိန့်အမှတ် (၂၀၀) ဖြင့် သတ်မှတ်ကြေငြာခဲ့ပြီး ၊ ရေကြည်မြို့နယ်ကို ရပ်ကွက် (၁၁)ခု ၊ ကျေးရွာအုပ်စု (၈၈) အုပ်စုဖြင့် (၂၄.၆.၁၉၇၂) ရက်စွဲပါ စာအမှတ်(၁၀၃/၁၈) စိတ် (၁) ဖြင့်နောက်ဆုံးထုတ်ပြန် ကြေငြာခဲ့ပါသည် ။ ရေကြည်မြို့နယ်အတွင်းမှ ငါးသိုင်းချောင်းမြို့အား ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၇.၁.၂၀၁၅)ရက်စွဲပါအမိန့်ကြေငြာစာ ထုတ်ပြန်ခဲ့ပြီး ရပ်ကွက် (၆) ခု၊ ကျေးရွာအုပ်စု (၃၂) အုပ်စုတို့ဖြင့် မြို့အဖြစ် ဖွဲ့စည်းထားရှိပါသည်။ ထို့အပြင် ရေကြည်မြို့နယ် အတွင်းရှိ အသုတ်ကျေးရွာအုပ်စုအား ပြည်ထဲရေးဝန်ကြီး ဌာန၏(၁၉.၁၁.၂၀၁၃)ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် (၁၀၆၉/၂၀၁၃)ဖြင့် ထုတ်ပြန်၍ ရပ်ကွက် (၅) ခုဖြင့် မြို့အဖြစ်ထုတ်ပြန်ခဲ့ရာ ယခု ရေကြည်မြို့နယ်တွင် မြို့ (၃) မြို့ ၊ ရပ်ကွက် (၁၆) ရပ်ကွက် ၊ ကျေးရွာအုပ်စု (၈၇) အုပ်စု ၊ ကျေးရွာခွဲ (၅၂၃) ရွာ ဖြင့်တည်ရှိပါသည် ။

ရေကြည်မြို့နယ်သည် မြို့နယ်ဧရိယာအကျယ်အဝန်း ၄၉၄.၉၄၁ စတုရန်းမိုင်ရှိပြီး လူဦးရေစုစုပေါင်း ၂၀၂၂၁၀ ဦးခန့်နေထိုင်ပါသည်။ ရေကြည်မြို့နယ်၏ အရှေ့ဘက်တွင် ကျုံပျော်မြို့နယ်၊ တောင်ဘက်တွင် ကျောင်းကုန်း မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။အနောက်ဘက်တွင် ရခိုင်ပြည်နယ် ဂွမြို့နယ်တို့နှင့် ထိစပ်လျက် ရှိပြီးမြောက်ဘက်တွင် လေးမျက်နှာမြို့နယ် တို့နှင့် နယ်နိမိတ် ထိစပ်လျှက် ရှိပါသည်။

ရေကြည်မြို့နယ်သည် ပြန့်ပြူးသော မြေပြန့်လွင်ပြင်များ နှင့် တောင်ကုန်း လျှိုမြောင် အလယ်တွင် သစ်တောများ ဖုံးလွှမ်းခြင်းနှင့် ရခိုင်ရိုးမ တောင်တန်းများနှင့်ဆက်စပ်လျက်ရှိပြီး ၎င်းတောင်ကုန်း တောင်တန်းများမှာ မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိရာ တောင်ကုန်း၊ တောင်တန်းများမှ တောင်ကျချောင်းများမှာလည်း မြို့နယ်၏ထင်ရှားသော ငဝန်မြစ်ထဲသို့စီးဝင်၍ မြောက်မှတောင်သို့ ငါးသိုင်းချောင်းမြို့ အနီးမှ ဖြတ်သန်း စီးဆင်းလျက်ရှိပါသည်။ မြို့နယ်အတွင်း ထင်ရှားသည့် မြစ်ချောင်း များမှာ ငဝန်မြစ်ဖြစ်ပြီး ၊ ငါးသိုင်းချောင်း မြို့ အနီးမှ ဖြတ်၍ မြောက်မှ တောင်သို့ စီးဆင်းပါသည် ။ ဒေသအတွင်းရှိ ဘိုးတော်ချောင်း ၊ ကြက်ပေါင်ချောင်း ၊ သီတာချောင်း၊ ကွင်းချောင်း ချောင်းနှင့် ၊ ဆင်ကူး(ရေကြည်) ချောင်းတို့မှာ ထူးခြားစွာ အနောက်မှ အရှေ့သို့ စီးဆင်း၍ငဝန်မြစ်နှင့် ဒါးကမြစ် အတွင်းသို့ စီးဆင်းကြပါသည်။ မြစ်ချောင်းအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ ၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်သည် ။ ငဝန်မြစ်သည် သင်္ဘော / စက်လှေ များလည်း သွားလာနိုင်သော မြစ်ဖြစ်ပါသည်။

Attractions in ရေကြည်