"ပုသိမ်"

ပုသိမ်မြို့သည် နှစ်ပေါင်းများစွာ သက်တမ်းရှည်ကြာခဲ့၍ အမည်များစွာဖြင့် ခေါ်လာခဲ့ကြသော မြို့ဖြစ်သည်။ ရှေးဟောင်းမှတ်တမ်းများတွင် မြန်မာသက္ကရာဇ် (၅၃၆) ခုနှစ်မှစ၍ “ပုသိမ်”ဟု ခေါ်ခဲ့ကြောင်း တွေ့ရသည်။ ပုသိမ်မြို့နယ်အတွင်း ပုသိမ်မြို့၊ ငွေဆောင်မြို့၊ ရွှေသောင်ယံမြို့၊ ချောင်းသာမြို့များကို ဖွဲ့စည်းထားသည်။ မြို့နယ်သည် ဧရိယာစတုရန်းမိုင် (၆၄၄.၈၈) မိုင်ရှိကာ ရပ်ကွက်(၂၅) ခု၊ ကျေးရွာအုပ်စု (၅၃) စုနှင့် ကျေးရွာပေါင်း (၂၈၅) ရွာဖြင့် ဖွဲ့စည်းထားသော မြို့နယ်တစ်ခုလည်း ဖြစ်ပါသည်။ မြို့နယ်အတွင်း လူဦးရေ (၃၀၀၀၀၀) ကျော် နေထိုင်ကြကာ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ အရှေ့ဘက်တွင် သာပေါင်း၊ ကန်ကြီးထောင့်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ တောင်ဘက်တွင် ငပုတောမြို့နယ်နှင့် မြောက်ဘက်တွင် ဂွမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ ပုသိမ်မြို့နယ်ကို မြစ်ဝကျွန်းပေါ်ဒေသ၊ တောင်ပေါ်ဒေသနှင့် ပင်လယ်ကမ်းခြေဒေသဟူ၍ ခွဲခြားနိုင်ပါသည်။ အနောက်ဘက်(၂၅)ရာခိုင်နှုန်းမှာ အနောက်ရိုးမ တောင်တန်းများဖြစ်ပြီး (၇၅) ရာခိုင်နှုန်းမှာ မြေပြန့်များ ဖြစ်သည်။ မြို့နယ်တွင်း ကျွန်းပေါင်း (၈) ကျွန်းရှိပြီး လူနေကျွန်း (၁) ကျွန်းနှင့် လူမနေကျွန်း (၇) ကျွန်းရှိသည်။ အောင်မင်္ဂလာကျွန်း၊ သဲဖြူကျွန်း၊ ချစ်သူများကျွန်းတို့မှာ ထင်ရှားသည်။ မြစ်ချောင်းပေါများရာ ဒေသဖြစ်ပြီး မြစ်ချောင်း (၄၁) ခုအနက် ငဝန်မြစ်(ခ)ပုသိမ်မြစ်(၂၂မိုင်)၊ သံတွဲမြစ်(၁၆၁မိုင်)၊ ဖရဲမြစ်(၁၄မိုင်)၊ သဇင်ချောင်း၊ ဥတိုချောင်းတို့မှာ ထင်ရှားသည်။ ပင်လယ်ရေ မျက်နှာပြင်အထက်(၁၂ပေ) ရှိပြီး အမြင့်ဆုံးတောင်မှာ ကျားလေးတောင် (၈၀၀ပေ) ဖြစ်သည်။ မြို့နယ်၏ အမြင့်ဆုံးအရပ်မှာ တောင်အရပ်ဖြစ်ပြီး အနိမ့်ဆုံးအရပ်မှာ မြောက်အရပ်ဖြစ်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၄၁.၄) ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။ ကုန်းလမ်း ရေလမ်းကြောင်းများဆုံရာတွင် တည်ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်တစ်ခုဖြစ်ပါသည်။ အဓိကထွက်ကုန်မှာ ဆန်စပါးနှင့် ရေထွက်ကုန်တို့ဖြစ်ကြသည်။

Attractions in ပုသိမ်