ဒက္ခိဏသီရိမြို့နယ်အား ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၆.၃.၂၀၀၉) ရက်စွဲပါစာဖြင့် မူလနေပြည်တော်မြို့နယ်မှ ခွဲထုတ်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၀.၁.၂၀၁၁) ရက်စွဲပါ စာဖြင့် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၈ စု၊ ကျေးရွာပေါင်း ၂၈ ရွာဖြင့် ဖွဲ့စည်းခဲ့ပြီး ဒက္ခိဏသီရိမြို့နယ်ဟု ခေါ်ဆိုခဲ့ပါသည်။ အရှေ့မှအနောက်သို့ ၉.၁၂ မိုင်၊ တောင်မှမြောက်သို့ ၇.၀၈ မိုင် ရှည်လျားပြီး ၆၀.၂၈ စတုရန်းမိုင်ကျယ်ဝန်းသည်။ လူဦးရေပေါင်း ၃၀၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့ဘက်တွင် ပျဉ်းမနားမြို့နယ်၊ တောင်ဘက်နှင့်အနောက်ဘက်တွင် လယ်ဝေးမြို့နယ်၊ မြောက်ဘက်တွင် ဥတ္တရသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ မြစ်ချောင်းများသည် အနောက်မှအရှေ့သို့ စီးဆင်းလျှက်ရှိပြီး ပလွေးချောင်းသည် လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသိရိမြို့နယ် တို့ကို ဖြတ်သန်းစီးဆင်းပြီး စစ်တောင်းမြစ်အတွင်းသို့ စီးဆင်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၂၃၀ ပေ အထက်တွင် တည်ရှိပါသည်။ အပူပိုင်းမုတ်သုံ ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၂˚C ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခု ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပြီး အခြားသီးနှံများလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျှက်ရှိသည်။