မြင့်မိုရ်တောင်ဘုရား

Listing Description

မြင့်မိုရ်တောင်ဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်း၊ ဗားကရာကျောင်း၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသည့် ညောင်ရမ်းခေတ် ရှေးဟောင်း စေတီတစ်ဆူဖြစ်ပါသည်။ စေတီတော်သည် ညောင်ရမ်းမင်းဆက် (ဒုတိယအင်းဝမင်းဆက်)၏ နောက်ဆုံးမင်းဆက်ဖြစ်သော မဟာဓမ္မရာဇာဓိပတိမင်း၏ ကောင်းမှုတော်ဖြစ်ပြီး ခမည်းတော် တနင်္ဂနွေမင်း နတ်ရွာစံ၍ သင်္ဂြိုလ်သည့် သင်္ချိုင်းရာ၌ စေတီတည်ထားခဲ့ခြင်းဖြစ်သည်။ မြင့်မိုရ်တောင်စေတီသည် အခြားစေတီများနှင့် မတူဘဲ ဗုဒ္ဓစာပေကျမ်းဂန်များ၌ ဖော်ပြပါရှိသော မြင့်မိုရ်တောင်ပုံစံအတိုင်း အဝန်းအဝိုင်းပုံစံဖြင့် တည်ထားခြင်းဖြစ်ပါသည်။ အောက်ခြေ၌ အဝိုင်းပတ်ပစ္စယံ ၇ ဆင့်ပါရှိပြီး ယင်းပစ္စယံ ၇ ဆင့်သည် တောင်စဉ် ၇ ထပ်ကို ရည်ရွယ်၍ ပြုလုပ်ထားသည်ဟု ယူဆရပါသည်။ ဆဌမမြောက်ပစ္စယံတွင် ပြသာဒ်မုခ် ၁၄ ခုပါရှိပြီး အထက်ဆုံး သတ္တမမြောက်ပစ္စယံတွင် ပြသာဒ်မုခ် ၁၅ ခုပါရှိကာ စေတီထိပ်တွင် စူဠာမဏိစေတီတစ်ဆူနှင့် အုတ်ပြသာဒ်တစ်ခုပါရှိပါသည်။ စေတီတော်တွင် နတ်လမ်းလှေကားသုံးခုပါရှိပြီး လှေကားသုံးခုတွင် အလယ်လှေကားသည် စေတီ၏အောက်ဆုံးပစ္စယံမှ အပေါ်ဆုံး စူဠာမဏိစေတီအထိ တက်ရောက်နိုင်ပြီး ကျန်လှေကားနှစ်ခုမှာ စေတီ၏အတွင်းလှိုဏ်ထဲသို့ ဝင်ရောက်ပြီးမှ အပေါ်သို့တက်ရောက်ရပါသည်။ မြင့်မိုရ်တောင်ဘုရားအနီးတွင် ဝင်္ကပါစေတီကြောင်လိန်စေတီလောကဒုဿမာရ်အောင်စေတီ စသည့် ညောင်ရမ်းခေတ်ဘုရားစေတီများကို တစ်စုတစ်ဝေးတည်း ဖူးမြော်မြင်တွေ့နိုင်ပါသည်။