ဂူတော်သစ်ဘုရားကြီး

Listing Description

ဂူတော်သစ်ဘုရားကြီးသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုးအတွင်း၊ အပ်ချုပ်တန်းရွာတွင် တည်ရှိပါသည်။ တစ်စီးရှင်သီဟသူသည် ပင်းယမြို့မတည်မီ အင်းဝတွင် မြို့သစ်တည်ရန် ကြိုးစားနေစဉ်ကာလအတွင်း ဂူတော်သစ်ဘုရားကြီးကို သက္ကရာဇ် ၆၇၁ ခုနှစ် (အေဒီ ၁၃၀၉) ခန့်တွင် တည်ထားခဲ့ပါသည်။ သို့သော် တစ်စီးရှင်သီဟသူသည် ဂူတော်သစ်ဘုရားကြီးကို အပြီးမသတ်နိုင်ခဲ့ဘဲ နှစ်ပေါင်း ၅၅ နှစ်ခန့်ကြာပြီးမှသာ အင်းဝမြို့တည် သတိုးမင်းဖျားမှ ဂူတော်သစ်ဘုရားကြီးကို အပြီးသတ်တည်နိုင်ခဲ့သည်ဟု မုံရွေးရာဇဝင်ကျော်တွင် ဖော်ပြထားပါသည်။ ထို့နောက် အလောင်းမင်းတရားဦးအောင်ဇေယျလက်ထက်၊ ဆင်ဖြူရှင်လက်ထက်၊ စဉ့်ကူးမင်းလက်ထက်တို့တွင် ဂူတော်သစ်ဘုရားကြီးကို အဆက်ဆက်ပြုပြင်ခဲ့ကြကြောင်း သိရပါသည်။ ယခုအခါ ပြိုပျက်နေသော ဂူတော်သစ်ဘုရားကြီးအပေါ်ထိပ်ပိုင်းတွင် အသစ်ထပ်မံတည်ထားသော ထုံးစေတီငယ်တစ်ဆူကို တွေ့မြင်ဖူးမြော်နိုင်ပြီး ဂူတော်သစ်ဘုရားကြီးအနီးတွင်လည်း ဂူတော်သစ်ဘုရားကြီးနှင့် ခေတ်ပြိုင်ဟုယူဆရသည့် အချို့ပြိုကျပျက်စီးနေသော ရှေးဟောင်း ဂူဘုရားစေတီများကိုလည်း တွေ့မြင်နိုင်ပါသည်။