မဟာအောင်မြေဘုံစံကျောင်းတော်ကြီး (ခ) မယ်နုအုတ်ကျောင်း

Listing Description

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝမြို့၊ ဥတည်ရပ်ကွက်၊ ထီးလှိုင်ရှင်စေတီတော်အနီးတွင် တည်ရှိသော မဟာအောင်မြေဘုံစံကျောင်းတော်ကြီးကို မယ်နုအုတ်ကျောင်းဟု ခေါ်ပါသည်။ ကျောင်းတော်ကြီးမှာ ဘုံသုံးဆင့်ပါ အုတ်ပြဿဒ်ကြီးဖြစ်ပြီး အကျယ်အဝန်းအားဖြင့် အလျား ၁၉၂ ပေ၊ အနံ ၁၁၂ ပေနှင့် အမြင့် ၉၄ ပေရှိပါသည်။ ကျောင်းတော်ကြီးကို ဘကြီးတော်စစ်ကိုင်းမင်း၏ မိဖုရားခေါင်ကြီး နန်းမတော်မယ်နုမှ သက္ကရာဇ် ၁၁၈၄ ခုနှစ် နတ်တော်လပြည့်ကျော် ၅ ရက်နေ့မှစ၍ တည်ဆောက်ခဲ့ရာ သုံးနှစ်ကျော်မျှ တည်ဆောက်ခဲ့ရပြီး ထိုခေတ်ငွေကြေး သုံးသောင်းကျပ်တိတိ ကုန်ကျခဲ့ကာ သက္ကရာဇ် ၁၁၈၉ ခုနှစ် တပို့တွဲလဆန်း ၁၃ ရက်နေ့၌ အောင်မြေဘုံစံဟု ကမ္ဗည်းတပ်၍ ပုညာဘိသီရိသဒ္ဓမ္မဓဇမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ရ ညောင်ကန်ဆရာတော် ဦးပိုးအား ရေစက်ချလှူဒါန်းခဲ့ပါသည်။ ဆရာတော်ဦးပိုး ပျံလွန်တော်မူပြီးနောက် စက္ကိန္ဒာဘိ သီရပဝရာလင်္ကာရသဒ္ဓမ္မပါလက ဝိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်ရ ညောင်ကန်ဆရာတော်ကြီး ဦးဗုဓ်အား ဆက်လက်လှူဒါန်းခဲ့ပါသည်။ အုတ်ကျောင်းတော်ကြီးသည် သာယာဝတီမင်းလက်ထက် သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့် ယိုယွင်းပျက်စီးခဲ့ပါသည်။ ထိုကျောင်းတော်ကြီးကို နန်မတော်မယ်နု၏ သမီးတော်၊ မင်းတုန်းမင်းကြီး၏မိဖုရား ဆင်ဖြူမရှင်က သက္ကရာဇ် ၁၂၃၄ ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့ပြီး ယခုအခါ တန်ဖိုးမဖြတ်နိုင်သော ကုန်းဘောင်ခေတ်နှောင်းဗိသုကာ၊ ပန်းရံနှင့် ပန်းတမော့ အနုပညာလက်ရာများကို စိတ်ဝင်စားဖွယ်ရာ တွေ့မြင်လေ့လာနိုင်ပါသည်။ ကျောင်းတော်ကြီးအပေါ်သို့တက်ရန် အရှေ့မျက်နှာ၌ သရက်ကင်းလှေကားသုံးခု၊ တောင်မျက်နှာနှင့် မြောက်ဘက်မျက်နှာ၌ နှစ်ခုစီ၊ အနောက်ဘက်မျက်နှာ၌ တစ်ခု၊ စုစုပေါင်းသရက်ကင်းလှေကား ရှစ်ခုပါရှိသည်။ အထူးသဖြင့် အရှေ့ဘက်မျက်နှာရှိ သရက်ကင်းလှေကား သုံးခုမှာ လှေကားမုခ်များဖြင့် ပို၍တင့်တယ်လှပစွာ ပြုလုပ်ထားသည်ကို တွေ့ရှိရပါသည်။ ထိုလှေကားသုံးခုမှာ မင်းနှင့် ဆရာတော်များတက်ရန်ဖြစ်ပြီး ကျန်ဆောင်မကြီးရှိ လှေကားများမှာ ဒါယကာ၊ ဒါယိကာမများ တက်ရန်ဖြစ်သည်ဟု သုတေသီတို့က ဆိုကြပါသည်။ ကျောင်းတော်ကြီးတစ်ခုလုံးကို အုတ်များဖြင့်သာ တည်ဆောက်ထားပြီး သစ်သားဟူ၍ တံခါးရွက်များနှင့် စင်္ကြံပတ်လမ်းကြမ်းခင်းများ၌သာ အသုံးပြုထားပါသည်။ အဆောင်မကြီးတွင် မာရဘင်၏ အရှေ့ဘက်အခန်းကို အရှေ့မာရဘင်ဆောင်ဟုခေါ်ပြီး အနောက်ဘက်အခန်းကို အနောက်မာရဘင်ဆောင်ဟု ခေါ်ပါသည်။ အရှေ့မာရဘင်ဆောင်မှာ တရားနာ ဥပုသ်စောင့်သူများအား ဧည့်ခံစကားပြောသောနေရာဖြစ်ပြီး နောက်ဆောင်မှာ ဆရာတော်ကြီးများ သီတင်းသုံးရာနေရာအဖြစ် သုတေသီတို့က ခွဲခြားသတ်မှတ်ကြပါသည်။ ယခုအခါ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှလည်း ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး နိုင်ငံခြားသားခရီးသွားဧည့်သည်အများစု မဖြစ်မနေ ဝင်ရောက်လေ့လာကြသော နေရာတစ်ခုလည်းဖြစ်ပါသည်။