ထုက္ကန့်သိမ်ပုထိုးတော်ကြီး

Listing Description

ထုက္ကန့်သိမ် ပုထိုးတော်ကြီးသည် မြောက်ဦးမြို့၏ မြောက်ဘက်တစ်မိုင်ခန့်အကွာ သျှစ်သောင်းပုထိုးတော်ကြီး အနီးတွင် တည်ရှိသည်။ အေဒီ ၁၅၇၁ ခုနှစ်တွင် ဘုရင်မင်းဖလောင်းက ကျောက်ပြားခင်း၊ ကျောက်ပြားမိုး သပ်စီပေါင်းခုံးစနစ်ဖြင့် တည်ထားခဲ့ပါသည်။ ပုထိုးတော်ကြီးသည် တောင်မြောက် ၁၁၀ ပေ၊ အရှေ့အနောက် ပေ ၁၃၇ ပေ ရှိပြီး ပုထိုးတော်ကြီး၏ အောက်ခြေမှ ပင်မစေတီတော်ထိပ်ပိုင်းအထိ ၆၄ ပေမြင့်ပါသည်။ ပင်မစေတီတော်ကြီးတစ်ဆူနှင့် ထောင့်လေးထောင့်၌ အရံစေတီ ၄ ဆူရှိသည်။ စေတီပုံစံမှာ သပိတ်မှောက်အပေါ်၌ ကုဗပုံဓာတုဂမ္ဘ ဆင့်ထားဟန် ဖြစ်သည်။ ကြမ်းခင်းကို ယခင်က စဉ့်ချပ်များဖြင့် ခင်းခဲ့သည်ဟု သိရသော်လည်း ယခုအခါ အနည်းငယ်ကိုသာ တွေ့မြင်နိုင်တော့သည်။ ပုထိုး၏ အနောက်တောင်ထောင့်တွင် ဘုရင့်ဥပုသ်ဆောင်တော် ရှိသည်။ လိုဏ်ပတ်လမ်းတလျှောက်တွင် မင်းမှုထမ်းဇနီးမောင်နှံရုပ်ကြွများကို ရာထူးအဆင့်အလိုက် စီတန်း၍ ဘုရားပူဇော်နေဟန် ထုဆစ်ထားသည်။ ရုပ်ကြွများတွင် "ဗောင်းတော် ၄၀၊ စလွယ်တော် ၉ ပါး၊ ခါးကြိုး ၅ ရပ်၊ လက်စွပ် ၈၁၊ လည်ရစ် ၉ ခွေ၊ နဗေ ၉ ဆင့်၊ ကြယ်ပွင့် ၁၆၊ လက်ကောက် ၂၀ ၊ ပန်းသွယ် ၅ မျိုး၊ ဆံထိုး ၈ ခု၊ ပန်းပု ၈ ချပ်၊ ခြေစွပ် ၇ ပါး၊ ကိုယ်လွှား ၅ မျိုးနှင့် ဆံထုံးထုံးနည်း ၆၄ မျိုး၊ ဘီလူးရုပ်များနှင့် ဒွါရပါလရုပ်များ ပါဝင်သည်။ လိုဏ်ပတ်လမ်းတစ်လျှောက် ခရုပတ်ပုံရစ်၍ မြင့်တက်သွားပြီး အဆုံးတွင် မင်းဆရာတော်ကြီးများ ပရဝါရဏပြုသော ခန်းမတစ်ခုရှိသည်။ မူလက ရတနာကိုးပါးဖြင့် သွန်းလုပ်ခဲ့သော ဆင်းတုတော်ကြီးတစ်ဆူရှိခဲ့ပြီး ခန်းမနံရံပတ်လည်တွင် ဆီမီးတင်ထွန်းနိုင်သော ကျောက်စွန်းများရှိသည်။ ထုက္ကန့်သိမ်ပုထိုးတော်ကြီးသည် မြောက်ဦးခေတ်လယ်၏ ဝတ်စားဆင်ယင်ပုံများကို ပြတိုက်သဖွယ် လေ့လာနိုင်သော ရှေးဟောင်းသမိုင်းဝင် ပုထိုးတော်ကြီးဖြစ်ပါသည်။