လောကဒုဿမာရ်အောင်စေတီ

Listing Description

လောကဒုဿမာရ်အောင်စေတီသည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်း၊ ဗားကရာကျောင်းအနောက်ဘက်ပိုင်းတွင် တည်ရှိသော ညောင်ရမ်းခေတ် ရှေးဟောင်းစေတီ တစ်ဆူဖြစ်ပါသည်။ ကြောင်လိန်စေတီ၏ အနောက်ဘက်၊ မြင့်မိုရ်တောင်စေတီ၏ အရှေ့ဘက်၌ တည်ရှိပါသည်။ လောကဒုဿမာရ်အောင်စေတီတော်အား ညောင်ရမ်းမင်းဆက် တနင်္ဂနွေမင်း၏ မိဖုရား စန္ဒာဒေဝီမှ အေဒီ ၁၇၂၇ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ လောကဒုဿမာရ်အောင်စေတီတော်ဘွဲ့အမည်မှာ အရပ်အခေါ်ဖြစ်ပြီး စေတီတော်၏ ကမ္ဗည်းကျောက်စာ ပျက်စီးနေသောကြောင့် ဘွဲ့အမည်ကို"…..သာမာရ်အောင်" ဟုသာဖတ်ရှုနိုင်ကြောင်း မှတ်သားရပါသည်။ စေတီတော်သည် ပန်းတင်ခုံမှစ၍ အထက်ကြာမှောက်ကြာလှန်အထိ ရှစ်ထောင့်ပုံစံဖြင့် တည်ထားပြီး ပန်းတင်ခုံ၏ ထောင့်ရှစ်ထောင့်၌ ခြင်္သေ့ရုပ်ထု ၈ ခုပါရှိကာ စေတီတော်မှာ မူလလက်ရာအတိုင်း ကျန်ရှိသော စေတီတစ်ဆူဖြစ်ပါသည်။ လောကဒုဿမာရ်အောင်စေတီအနီးတွင် မြင့်မိုရ်တောင်စေတီကြောင်လိန်စေတီဝင်္ကပါစေတီ စသည့် ညောင်ရမ်းခေတ်ဘုရားစေတီများကို တစ်စုတစ်ဝေးတည်း ဖူးမြော်မြင်တွေ့နိုင်ပါသည်။