ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားဧည့်သည်များပိုမိုလည်ပတ်နိုင်ရန်အတွက် ပြူကန်ကျေးရွာကို ခရီးစဉ်ဒေသအသစ်ဖော်ဆောင်မည်

Listing Description

မန္တလေး    ဒီဇင်ဘာ    ၂၀

ကိုဗစ်-၁၉ အလွန်ကာလတွင် မန္တလေး တိုင်းဒေသကြီးသို့ ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်ရန် အတွက် တံတားဦးမြို့နယ်အတွင်းရှိ ပြူကန်ကျေးရွာကို ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း  မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနမှ  ညွှန်ကြားရေးမှူး  ဦးဇော်မျိုး လတ်က ပြောသည်။

ဖော်ထုတ်သွားမည်

အဆိုပါ ပြူကန်ကျေးရွာကို ခရီးစဉ် ဒေသသစ်အဖြစ် ဖော်ဆောင်ရာတွင် ကျေးလက်နေပြည်သူများ၏ လူနေမှု ဘဝများကို   လေ့လာနိုင်မည့်ခရီးစဉ် များ၊  ခရီးသွားဧည့်သည်များ အနားယူ အပန်းဖြေနိုင်မည့် ခရီးစဉ်များ၊ စိုက်ပျိုးရေးကို အခြေခံသည့်ခရီးသွား လုပ်ငန်းများ၊  ပြူကန်ကို  လာရောက် ဆောင်းခိုသည့်  ငှက်များအား ကြည့်ရှုရ မည့် ငှက်ကြည့်ခရီးစဉ်များကို ခရီးသွား ဧည့်သည်များအတွက် ဖော်ထုတ်သွား မည်ဖြစ်ကြောင်း သိရသည်။

“ခရီးသွားလုပ်ငန်းတွေ အနေနဲ့ ကိုဗစ်အလွန်ကာလမှာ ပြန်လည် ဖွံ့ဖြိုးလာစေဖို့ စီမံဆောင်ရွက်နေပါ တယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ကိုဗစ်-၁၉ ကာလအတွင်းမှာလည်း လိုအပ်တဲ့    လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းတွေပေးပြီး ဆောင်ရွက်နေသလို ကိုဗစ်အလွန်မှာ ခရီးသွားတွေ လည်ပတ်တဲ့အခါမှာလည်း     ဘေး အန္တရာယ်ကင်းရှင်းစွာ လည်ပတ်နိုင်ဖို့ ကိုဗစ်-၁၉ Guidelines ထုတ်ပြန်ပြီး ဆောင်ရွက်နေပါတယ်။ ဒီ Guidelines တွေကိုလည်း ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့အဖွဲ့အစည်းတွေ လိုက်နာကြဖို့ ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ တိုင်း ဒေသကြီးအတွင်းမှာရှိတဲ့   မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဧည့် လမ်းညွှန်များအသင်းနဲ့ ဟိုတယ် လုပ်ငန်းရှင်များအသင်း စသဖြင့် ဆက်စပ်အသင်းအဖွဲ့တွေနဲ့ ပူးပေါင်း ပြီးတော့ ခရီးစဉ်ဒေသအသစ်တွေကို ဖော်ထုတ်ပြီး   ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ကိုဗစ်အလွန် ကာလများတွင် လာရောက်လည်ပတ် ကြမည့် ခရီးသွားဧည့်သည်များ အတွက် ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ်ဆောင်ရွက်လျက် ရှိသည့်အပြင် ရှိပြီးသား ခရီးစဉ်များကိုလည်း မြှင့်တင်ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုခရီးစဉ် ဒေသသစ်အဖြစ် ဖော်ထုတ်မည့် ပြူကန်ကျေးရွာသည် တံတားဦးမြို့နယ်တွင် တည်ရှိပြီး မန္တလေး၊    မြို့သာနှင့်   မြင်းခြံလမ်း အတိုင်း   သွားရောက်ကာ   တံတားဦး မြို့နယ်   မြို့ပြဖွံ့ဖြိုးရေးနှင့်   ဟိုတယ် ဇုန်စီမံကိန်း၏  ဘယ်ဘက်ခြမ်း ပြူကန်ဆိုင်းဘုတ်မှ ၁၀ မိနစ်အတွင်း ရောက်ရှိကြောင်း၊ အဆိုပါ ပြူကန်၌ ကမ္ဘာပေါ်တွင်   အရှားပါးဆုံးဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ်ရန် စိုးရိမ်ရသည့် ပွတ်ချပ်ငှက်များ၊ ဘဲခေါင်းစိမ်း၊ ရေဘဲငှက်တို့    လာရောက်ကျက်စား လေ့ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)