လောကသရဖူဘုရား

Listing Description

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၏ မြောက်ဘက် ၄ မိုင်ခန့်အကွာ အင်းဝမြို့ဟောင်း ဆင်ကျုံးကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည့် မဟာလောကသရဖူဘုရားကြီးသည် ရှေးဟောင်းတန်ခိုးကြီးဘုရားတစ်ဆူဖြစ်ပါသည်။ အင်းဝမြို့ ညောင်ရမ်းမင်းဆက်ဖြစ်သော ဆင်ဖြူရှင် တနင်္ဂနွေမင်းကြီးသည် သက္ကရာဇ် ၁၀၉၂ ခုနှစ်တွင် စတင်တည်ထားရာ မပြီးစီးမီ နတ်ရွာစံ၍ သားတော်ဓမ္မရာဇာဓိပတိ ကြာသပတေးမင်း (ဟံသာဝတီရောက်မင်း)က ၁၀၉၅ ခုနှစ်တွင် အပြီးတည်ထားကိုးကွယ်ခဲ့ပါသည်။ ၁၀၉၈ ခုနှစ်တွင် အနောက်မြောက်လေနီကြမ်းတိုက်ခတ်၍ စေတီတော်ပြိုကျပျက်စီးခဲ့ပါသည်။ ၁၁၄၀ ပြည့်နှစ်တွင် စဉ့်ကူးမင်းက ပြန်လည်ပြုပြင်တည်ထားခဲ့ပါသည်။ ၁၂၀၀ ပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့် စေတီတော်ပြိုကျပျက်စီးခဲ့ရပြန်သည်။ ၁၃၄၂ ခုနှစ်တွင် ဒီပါအေးဆရာတော်ဘုရားကြီး ဦးနန္ဒာသီရိက ဦးဆောင်၍ပြုပြင်ခဲ့ပါသည်။ ဒီပါအေးဆရာတော်ကြီး ဦးနန္ဒာသီရိတင်လှူခဲ့သော ထီးတော်သည် ခေတ်ကာလကြာမြင့်လာသည်နှင့်အမျှ ထီးတော်အသစ်တင်လှူရန်လိုအပ်သဖြင့် ၁၃၇၃ ခုနှစ်တွင် ခုနှစ်ရက်သားသမီးအလှူရှင်များစုပေါင်း၍ ရွှေထီးတော်အသစ် တင်လှူပူဇော်ခဲ့ပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၁၆၂ ပေရှိပြီး ဘုံ၁၁ ဆင့်ရှိ ထီးတော်အမြင့် ၄၂ ပေ၊ ထီးတော်အချင်းထိပ်ဝ ၁၅ ပေကျယ်ပါသည်။ စေတီတော်ရှိ ဂန္ဓကုဋီတိုက်အတွင်းမှ ရုပ်ပွားတော်မြတ်ကြီးသည် တစ်တုံးတည်းသော စကျင်ကျောက်ကို မြေကြီးအောက်တစ်ဝက် မြေကြီးပေါ်တစ်ဝက်စိုက်ထူ၍ ထုဆစ်ပူဇော်ထားပြီး ရုပ်ပွားတော်ကြီးသည် ဉာဏ်တော်အမြင့် ၁၈ တောင် ၁ မိုက်ရှိပြီး အလေးချိန်အားဖြင့် ၄၉၀.၃၆ တန်ရှိပါသည်။ မဟာလောကသရဖူဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။