ကြိမ်ခွေမော်ဂူ

Listing Description

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အနောက်မြောက်ထောင့်အရပ် ၇ မိုင်ခန့်ကွာဝေးသော ကြိမ်ခွေမော်ရွာ၏ အရှေ့ဘက်အနီးတွင် တည်ရှိသည်။ မြောက်ဦးခေတ် မင်းဗာဘုရင်မင်းမြတ်သည် နန်းတက်အထိမ်းအမှတ် ဂူဘုရားကိုးဆူ တည်ထားကိုးကွယ်ရာ ဤကြိမ်ခွေမော်ဂူဘုရားသည် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ ဤဂူတည်ရှိနေပုံမှာ သဘာဝကျောက်တောင် တစ်ခုပေါ်တွင် တည်ရှိနေခြင်းမျိုးဖြစ်သည်။ ခန့်မှန်းအားဖြင့် ဤသဘာဝကျောက် တောင်ကုန်းသည် တောင်မြောက် ပေ ၂၀၀-ခန့်ရှိပြီး အမြင့်မှာ ပေ ၄၀-ခန့် ရှိပါသည်။ သဘာဝကျောက်တောင်ငယ်၏ အရှေ့ဘက် မျက်နှာစာတွင် ဂူများကို တစ်ခုပြီးတစ်ခုစီးတန်းလျက် ထွင်းထုထားခြင်းဖြစ်သည်။ စုစုပေါင်း အခန်းပေါင်း ၉-ခန်း ပါဝင်ကြသည်။ ဂူတစ်ခန်းစီ၌ ဝင်ဝမုခ် တစ်ပေါက်၊ နှစ်ပေါက်၊ သုံးပေါက်စသည်ဖြင့် ပါဝင်ကြသည်။ စုစုပေါင်း အခန်းကိုးခန်း၌ ဂူပေါက်ပေါင်း ၁၆-ပေါက်ကို တွေ့နိုင်ပါသည်။

တောင်ဘက်မှ မြောက်ဘက်သို့ ဦးတည်လျက် တင်ပြရလျှင် "ပထမဂူ" သည် သဘာဝကျောက်တောင်၏ အနိမ့်ပိုင်းဖြစ်သည်။ ဂူပေါက်နှစ်ပေါက် ပါဝင်သည်။ ဂူဝင်ဝအမြင့် ၅၇-လက်မမြင့်ပြီး အကျယ် ၂၃-လက်မရှိသည်။ လူကြီးတစ်ယောက် ခါးကုန်းပြီးသာဝင်ရသည်။ ဂူ၏အတွင်းထဲ၌ ဆင်းတုတော်တင်ရန် ပလ္လင်ခုံပါရှိပြီး ယင်း၌ ဆင်းတုငယ်နှစ်ဆူကို တွေ့ရသည်။ ဂူ၏အတွင်းထဲ မျက်နှာပြင်ထောင့်တို့၌ မှန်တိုင်ပုံစံမျိုး ထုလုပ်ထားပြီး မှန်တိုင်၌ ကြာမှောက် ကြာလှန်ပုံ ပါရှိသည်။ ထို့ပြင် မျက်နှာကြက်တွင် လှိုင်းတွန့်ပုံများကို တွေ့ရှိရသည်။

"ဒုတိယဂူ" သည် တစ်ပေါက်တည်း သီးသန့်တည်ရှိနေသည်။ ဂူဝင်ဝအမြင့် ၄၄-လက်မရှိပြီး အကျယ်ာ ၂၃-လက်မရှိသည်။ ဂူ၏အတွင်းထဲ၌ တောင်မြောက်တစ်ဖက်တစ်ချက်တွင် ဆင်းတုငယ်များကို တင်ဆောင်ရန် ဂူငယ်တစ်ခုစီပါရှိသည်။ ထို့ပြင် အနောက်ဘက်၌လည်း ဂူငယ်တစ်ခုကိုတွေ့ရသည်။ ဂူအတွင်းထောင့်လေးထောင့်၌ ကြာမှောက်ကြာလှန် မှန်တိုင်ပုံများ ထုဆစ်ထားသည်။ ဂူအလယ် အနောက်ဘက်တွင် ဆင်းတုငယ်တင်ရန် ပလ္လင်ခုံပါရှိသည်။

"တတိယဂူ" သည် ဒုတိယဂူကဲ့သို့ တစ်ပေါက်တည်းဂူ ဖြစ်သည်။ ဂူ၏ဝင်ဝ အမြင့် ၄၇-လက်မရှိပြီး အကျယ် ၂၂-လက်မရှိသည်။ ဂူအတွင်းမျက်နှာကြက်တွင် ပန်းကွက်အဝိုင်းပုံပါရှိသည်။ တောင်ဘက်နှင့် မြောက်ဘက် အတွင်းနံရံတွင် ဘုရားဆင်းတုငယ်တင်ရန် ဂူပေါက်ငယ်တစ်ခုစီပါရှိသည်။ ဂူအတွင်း အနောက်ဘက်ပလ္လင်ခုံ၌ ကျောက်ဆင်းတုငယ် တစ်ဆူကို တွေ့ရသည်။

"စတုတ္ထဂူ" သည် တတိယဂူ၏ မြောက်ဘက် ၁၅-ပေအကွာခန့်တွင် တည်ရှိသည်။ ဤဂူတွင် ဝင်ပေါက်နှစ်ပေါက်ပါရှိသည်။ ဂူ၏ဝင်ဝအမြင့် ၆၇-လက်မရှိပြီး အကျယ် ၂၅-လက်မစီရှိကြသည်။ ဂူ၏ဝင်ဝမျက်နှာပြင် ဂူနှစ်ခုအကြားတွင် အချင်း ၁၀-လက်မရှိသော ကြာပွင့်ပုံတစ်ခုကို တွေ့ရသည်။ ဂူ၏အပေါ်ထိပ်၌ မထင်မရှားပန်းကွက်များကို တွေ့ရသည်။ နတ်တောင်ပြင်ဂူမှ ကျောက်ထွင်းပန်းကွက်နှင့်တူသည်။ ဂူအတွင်းမျက်နှာကြက်၌ လှိုင်းကြောင်းများကို ဆွဲထားသည်။ ကြာပန်းပွင့်များဖြင့် တန်ဆာဆင်ထားသည်။ ဂူအတွင်းထဲ၌ ဆင်းတုတော်သုံးဆူရှိသည်။ ဤဂူကိုတက်ရန် မြေပြင်မှ လှေကားထစ် ပြုလုပ်ထားသည်။

"ပဉ္စမဂူ" ပေါက်သည် စတုတ္ထဂူပေါက်၏မြောက်ဘက် ပေ ၂၀-ခန့်အကွာတွင် တည်ရှိနေသည်။ ဂူပေါက်နှစ်ခုရှိသည်။ ဂူဝင်ဝအမြင့် ၆၇-လက်မမြင့်ပြီး အကျယ် ၂၆-လက်မရှိသည်။ ဂူအတွင်း၌ ပလ္လင်ခုံပါရှိပြီး ပလ္လင်၏အလယ်၌လိုင်းပါရှိကာ ယင်း၏မျက်နှာပြင်တို့၌ ကြာမှောက်ကြာလှန်ပုံများကို ထုဆစ်ထားသည်။ ဂူအတွင်းထောင့်တို့၌ မှန်တိုင်ပုံထုထားပြီး ထိုတိုင်၏ အထက်နှင့်အောက်တို့တွင် ကြာမှောက်ကြာလှန်ပုံကို ထုဆစ်ထားသည်။

"ဆဋ္ဌမဂူ" သည် ပဉ္စမဂူ၏မြောက်ဘက် ပေ ၃၀-ခန့်အကွာတွင် တည်ရှိနေသည်။ ဤအပိုင်း၌ ဂူပေါက် ၃-ပေါက် ပါရှိသည်။ ဂူဝင်ဝအမြင့်ာ ၆၀-လက်မ အကျယ် ၂၄-လက်မရှိသည်။ ဂူအတွင်း၌ ပလ္လင်ခုံပါရှိပြီး ဆင်းတုတော်ငယ် နှစ်ဆူတင်ထားသည်။ ဂူအတွင်း မျက်နှာကြက်၌ လှိုင်းကြောင်းပုံများကို ထုဆစ်ထားသည်။ ဂူ၏အတွင်း အရှေ့ဘက်၌ မှန်တိုင်များ စိုက်ထူထားပုံ ထုဆစ်ထားသည်။

"သတ္တမဂူ" သည် ဆဋ္ဌမဂူ မြောက်ဘက် ၁၅-ပေအကွာတွင် တည်ရှိနေသည်။ ဂူပေါက် ၁-ပေါက်တည်း ဖြစ်သည်။ ဂူဝင်ဝအမြင့် ၄၅-လက်မရှိပြီး အကျယ် ၂၂-လက်မရှိသည်။ ဂူအတွင်း၌ ပလ္လင်ခုံပါရှိသည်။ ဤဂူထဲ၌ ပန်းကွက်ကို မတွေ့ရှိရပေ။

"အဋ္ဌမဂူ" သည် သတ္တမဂူ၏မြောက်ဘက် တစ်ပေအကွာတွင် တည်ရှိသည်။ ဂူဝင်ဝအမြင့် ၆၂-လက်မရှိပြီးအကျယ်ာ ၂၉-လက်မရှိသည်။ ဂူပေါက် ၂-ပေါက်ပါရှိသည်။ ဂူ၏အပြင်မျက်နှာပြင်၌ သမင်ရုပ်၊ ဆင်ရုပ်၊ နွားရုပ်၊ ငှက်ရုပ်များကို ထုဆစ်ထားသည်။ ထို့ပြင် ကြာပန်းပုံလည်း ပါရှိသည်။

မုခ်နှစ်ခု၏ တောင်ဘက်တွင် ပြတင်းပေါက်။ ဤသို့ဂူပေါက်ငယ်တစ်ခု အပိုင်းအခန်းငယ်တစ်ခန်း ရှိနေပြီး ယင်း၌ ခြေတော်ရာတစ်ခုကို ပြုလုပ်ထားသည်။ အတွင်းမျက်နှာပြင်အပေါ်တည့်တည့် အလယ်ခေါင်တွင် ကြာပွင့်ငယ်တစ်ပွင့် ထုဆစ်ထားသည်။ အတွင်းဘက် အရှေ့နံရံတွင်လည်း ဥဒေါင်းရုပ်၊ ကြာပန်းပွင့်တို့ကို တွေ့ရသည်။ မုခ်၏အရှေ့ဘက်၌ မြောက်ဦးခေတ်လက်ရာ ကျောက်ဆင်းတုငယ်တစ်ဆူကို တွေ့ရသည်။ ခြေထပ်ပုံဖြစ်သည်။ ဉာဏ်တော် ၃၉-လက်မရှိသည်။

"နဝမဂူ" သည် ဆဋ္ဌမဂူ၏ မြောက်ဘက် ၁၅-ပေ အကွာလောက်တွင် တည်ရှိနေသည်။ ဂူပေါက်နှစ်ပေါက် ပါရှိသည်။ ဂူဝင်ဝအမြင့် ၆-လက်မရှိပြီး အကျယ် ၂၃-လက်မရှိသည်။ အပြင်မျက်နှာပြင်၌ ကြာပန်းပုံတစ်ခုကို တွေ့ရသည်။ အတွင်း၌ ပလ္လင်ခုံပါရှိပြီး ယင်း၏ မျက်နှာပြင်တွင် ကြာမှောက်ကြာလှန်ပုံများကို ထုဆစ်ထားသည်။

မင်းဗာဘုရင်မင်းမြတ် နန်းတတ်အထိမ်းအမှတ်အဖြစ် တည်ထားခဲ့သောဂူကိုးဂူ -

ကျောက်တစ်လုံးဂူ

- နတ်တောင်ပြင်ဂူ

- တောင်ညိုဂူ

- ကြိမ်ခွေမော်ဂူ

- ဂူဝဂူ

- ဇီးကိုင်းဂူ

- ကူတောင်ဂူ

- နိုင်ငံတောင်ဂူ

- ပိုးရွှီပြင်ဂူတို့ ဖြစ်သည်။