ရွှေသာလျောင်းဘုရား

Listing Description

ရွှေသာလျောင်းဘုရားသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၏ အရှေ့ဘက်ကပ်လျက်ရှိ ရွှေသာလျောင်းတောင်ထိပ်တွင် တည်ရှိပါသည်။ အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင် ဓာတုသေနမင်း ထံမှရရှိသော ဗုဒ္ဓဆွယ်တော်မြတ်ကို ဆင်ဖြူတော် ဆင်မယဉ်သာပေါ်တွင်တင်၍ ဆွယ်တော်မြတ်ကိန်းဝပ်လိုသော အရပ်၌ဆင်ဖြူတော်ဝပ်စေရန် အဓိဌာန်ပြုကာစေလွှတ်ပါသည်။ ဆင်ဖြူတော်ရပ်နားရာ တစ်လျှောက်တွင် ဘုရားစေတီများတည်ထားခဲ့ရာ ယခုရွှေသာလျောင်းတောင်ထိပ်တွင်လည်း ဆင်ဖြူတော်ရပ်တန့်ခဲ့သဖြင့် ရွှေသာလျောင်းစေတီ တည်ထားကိုးကွယ်ခဲ့ပါသည်။ အနော်ရထာမင်းကြီးသည် စွယ်တော်တင်သော ဆင်ဖြူတော်အတွက်ကိုလည်း သတိတရ ရည်စူး၍ လှူဒါန်းအမျှပေးဝေရန် အဓိဋ္ဌာန် ထားခဲ့သည့်အတိုင်း ဆွမ်းတော်ကြီးကပ်ပွဲ၊ မြသပိတ်တော်၊ မီးထွန်းပွဲနှင့်အတူ မုန့်ဖြူ၊ မုန့်ညိုများဖြင့် ပြုလုပ်သော ဆင်ဆယ်မျိုးအရုပ်တို့ဖြင့် လှူဒါန်းသည့် ထုံးတမ်းစဉ်လာသည် ကျောက်ဆည်မြို့တွင် အနော်ရထာမင်း လက်ထက်မှစတင်၍ နှစ်စဉ် ကျင်းပဖြစ်ပေါ်လာခဲ့ပါသည်။ ရှေးယခင်က မုန့်ဖြူ၊ မုန့်ညိုများနှင့်ပြုလုပ်သော ဆင်အရုပ်များဖြင့် ပူဇော်ခဲ့ကြရာမှ လူဝင်ကနိုင်သော ဆင်ရုပ်ကြီးအထိ တီထွင်ကပြလာခဲ့ကြသည်။ ထိုမှတစ်ဆင့် ကျောက်ဆည်ဆင်ပွဲတော်အဖြစ် ပြောင်းလဲလာကာ နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ရွှေသာလျောင်းတောင်ခြေ ဆင်ပြိုင်ကွင်းတွင် ပြိုင်ပွဲဝင်ဆင်များ အကအလှများနှင့် ယှဉ်ပြိုင်တင်ဆက်ကြသည့် ဆင်ပွဲသည် ကျောက်ဆည်မြို့၏ အထူးစည်ကားထင်ရှားသော ပွဲတော်တစ်ခုဖြစ်ပါသည်။