စင်္ကြာမုနိဘုရား

Listing Description

စစ်တွေမြို့ လောကနန္ဒာစေတီ၏ ဘုရားဝင်းအတွင်း တည်ရှိသည့် ထက်ဝယ်ဖွဲ့ခွေထိုင်တော်မူ ရုပ်ပွားတော်မြတ်ဖြစ်ပါသည်။ ထက်ဝယ်တော်အရှည် ၁၄ လက်မ ဉာဏ်တော်အမြင့် ၁၈ လက်မရှိပါသည်။ စမ္မခဏ်၏နောက်တွင် "သက္ကရာဇ် ၅၂၀ သူရိယကုသလမင်း ကောင်းမှုတော်"ဟု ကမ္ပည်းရေးထိုးထားသော စာမူရင်းပါရှိသည်။ နှစ်ပေါင်း ၂၀၀၀ ကျော် အလွန် ရှေးကျသောရှေးဟောင်းလက်ရာ ဘုရားတစ်ဆူဖြစ်ပါသည်။ ရုပ်ပွားတော်၏ ထူးခြားချက်မှာ မျက်နှာတော်နှင့် လက်ချောင်းတော်များမှအပ ကျန်တစ်ကိုယ်လုံး ဦးခေါင်းတော် အပါအဝင် ဘုရားရုပ်ပွားတော်ငယ်များ မရေမတွက်နိုင်အောင် ကပ်ထားသည်။ ဂင်္ဂါဝါဠုသဲစုမကပွင့်တော်မူသော ဘုရားရှင်များအား ရည်စူးသည်ဟု ယူဆရပါသည်။ ဘုရားရှင်၏ နဖူးသင်းကျစ်တော်အလယ်တည့်တည့်တွင် ခရုပတ်ဥဏှလုံ ဗွေတော်ပါရှိသည်။ တင်ပလ္လင်ခွေ လက်ဝဲလက်ဖဝါးတော်မှာ အပေါ်သို့လှန်ပြီး ဒေါင့်ရှစ်ဒေါင့်ပါသော ကြယ်ပွင့်အား ဒေါင်လိုက် လက်ဖဝါးပေါ်တင်ပြီး ကိုင်စွဲထားသည်။ ရှစ်ဒေါင့် ကြယ် အလယ်ကြယ်ပွင့်အတွင်းတွင် ဒေါင့် ရှစ်ဒေါင့် ပါ လှည်းဘီးပုံ ဓမ္မစင်္ကြာသင်္ကေတ အတွင်းစက်ဝိုင်းတစ်ခုပါရှိသည်။ မဂ္ဂင်ရှစ်ပါးဓမ္မစင်္ကြာတရား တော်ကိုင်စွဲထားသည်ဟု ယူဆနိုင်ပါသည်။ ထို့ကြောင့်စင်္ကြာမုနိရုပ်ပွားဟု ခေါ်ဆိုကြပါသည်။ ထို ရုပ်ပွားတော်မှာ မြောက်ဦးမြို့နယ်အတွင်း ချောင်းတစ်ချောင်းတွင် တံငါသည်တစ်ဦး ငါးရှာရာပိုက်ကွန် သည် ရေထဲတွင် ငြိနေသဖြင့်ရေထဲသို့ ဆင်းငုပ်ကြည့်ရာ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်တစ်ဆူ ဖြစ်နေကြောင်းတွေ့ရှိရသည်။ ထိုတံငါသည်သည်ရေထဲသို့ ဆင်းငုပ်ပင့်ဆောင်ခဲ့ရာ မြောက်ဦးမြို့ ဗန္ဓုလ ကျောင်းထိုင် ဆရာတော်ထံ  ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက်နေ့တွင် အပ်နှံလှူဒါန်း ပူဇော်ခဲ့သည်။ ဗုဒ္ဓဆင်းတုတော်မှထူးခြားစွာ စင်္ကြာတံဆိပ်အား လက်ဝယ်ကိုင်ဆောင်ပြီး ရုပ်ပွားတော်ငယ်များ တစ်ကိုယ်လုံးမရေမတွက်နိုင်အောင် များပြားစွာထုလုပ် ကပ်ထားသောကြောင့် စာမုနိ ရုပ်ပွားတော်ဟုခေါ်ဆိုပြီး မြောက်ဦးမှစစ်တွေသို့ပင့်ဆောင်ကာ လောကနန္ဒာဘုရား ဝင်းအတွင်း အများပြည်သူ ဖူးမျှော် ကြည်ညိုနိုင်ရန် ပူဇော်ထားပါသည်။