ဆံတော်ရှင်စေတီတော်

Listing Description

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရေပတ်လည် ဝိုင်းရံထားသော အနောက်ဖရုံကာကျွန်း (ခေါ်) မြေငူကျွန်း တောင်ဘက်စွန်း နီလာပဗ္ဗတတောင်ထိပ်တွင် တည်ရှိသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဆံတော်ကို ဌာပနာ၍ တည်ထားခဲ့သည်ဟု သိရသည်။ စန္ဒသူရိယမင်းက မူလစေတီကို ငုံ၍ စေတီတော် အသစ်ပြန်လည်တည်ထားကာ မဟာသက္ကရာဇ် ၁၂၃ ခု၊ နတ်တော်လဆန်း ၉ ရက်နေ့မှ လပြည့်နေ့ထိ ရွှေချပြီး ထီးတော်တင်လှူခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ဝေသာလီခေတ်တွင် မဟာတိုင်းစန္ဒြား (ဒွေင်စန္ဒြား)မင်းကြီးက လုံးတော်ပြည့် ရွှေချပူဇော်ခဲ့သည်။ မြောက်ဦးခေတ်တွင် ဘုရင်မင်းဗာကြီး၏ မိဖုရား စိုးမဲကျီက ပျက်စီးနေသည့် ထိုစေတီတော်ကို တဖန်ပြန်လည် မွမ်းမံတည်ထားခဲ့ကြောင်း သမိုင်းမှတ်တမ်းများက ဆိုသည်။ ထို့နောက်တွင် ရခိုင်မင်းအဆက်ဆက်နှင့် ပြည်သူပြည်သား အဆက်ဆက်တို့က စေတီတော်အား မွမ်းမံပြုပြင် ထိန်းသိမ်းကိုးကွယ်လာခဲ့ကြသည်။ စေတီတော်သည် ဉာဏ်တော်အမြင့်ပေ ၇၀ ရှိကာ ထုချွန်လုံးပိတ် စေတီပုံဖြစ်သည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် နတ်တော်လဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိ ၈ ရက်တိုင်တိုင် ကျင်းပပါသည်။