ရွှေကူမြတ်စွာဘုရားနှင့် တံကဲတော်

Listing Description

ပခုက္ကူမြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင် တည်ရှိသည်။ ရွှေကူမြတ်စွာဘုရား၏ မူလအလှူရှင် ဒါယကာမှာ အလောင်းစည်သူမင်းကြီးဖြစ်သည်ဟု သိရသည်။ သက္ကရာဇ် ၁၃၃၇ ခုနှစ် ဝါဆိုလဆန်း ၁ ရက်နေ့တွင် ငလျင်ဒဏ်ကြောင့် ရွှေကူဆင်းတုတော်ကြီး ကိန်းဝပ်ရာ ဂန္ဓကုဋိစေတီတော်သည် အက်ကွဲယိုယွင်းခဲ့သဖြင့် သက္ကရာဇ် ၁၃၄၇ ခုနှစ်တွင် ဂေါပကအဖွဲ့မှ ဦးဆောင်၍ စေတီဟောင်းကိုငုံ၍ စေတီသစ် ပြန်လည်တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၁၂၀ ပေရှိပြီး စေတီရံ ၄၀ ဆူ၊ ရှစ်မျက်နှာလိုဏ်မုခ်နှစ်ဆင့်၊ လေးမျက်နှာ မုခ်တစ်ဆင့် စုစုပေါင်း မုခ်၃ ဆင့်ပါဝင်သည်။ ရွှေကူမြတ်စွာဘုရားကြီး၏ ဂန္ဓကုဋိတိုက်အတွင်း သီတင်းသုံးလျက်ရှိသော ဉာဏ်တော် လေးတောင်ခန့်ရှိ မတ်ရပ်ရုပ်ပွားတော် စံပယ်ရာ တံကဲတော်မှာ ထူးခြားအံ့ချီးဖွယ်ဖြစ်သည်။ သက္ကရာဇ် ၁၂၆၉ ခုနှစ်တွင် ပခုက္ကူမြို့ ဈေးဟောင်းရပ်နေ ကျောင်းအမကြီး ဒေါ်ဇီးဇံက ရုပ်ပွားတော်မြတ်၏ ကျောဘက်၌ ထားရှိမည့်တံကဲတော် ထုလုပ်ရန် ကျောင်းကုန်း ပြည်လုံးချမ်းသာဘုရားတံကဲတော်၊ သီဟိုဠ်ရှင်ဘုရားတံကဲတော်နှင့် ကနောင်မြို့ရှိတံကဲတော်တို့ကို ထုလုပ်ခဲ့သူ တံကဲပညာရှင် ဆရာဦးကံကြီးနှင့် သားဦးတေတို့ကို တန်ဖိုးလက်ခငွေ ဒင်္ဂါး ၄၀၀၀ ကျော်ပေးချေပြီး ထုလုပ်စေခဲ့ရာ အချိန်လေးနှစ်ကြာခဲ့သည်ဟု ဆိုပါသည်။ တံကဲတော်ကြီးသည် ထု ရှစ်လက်မ၊ ပန်း ရှစ်ထပ်၊ သစ်တုံး ငါးတုံးကို အသုံးပြုပြီး အမြင့် ၁၂ ပေ ၁၀ လက်မ၊ အလျား ၅ ပေ ၁၀ လက်မနှင့် ဗုဒ္ဓဝင် ဇာတ်ခန်း ဇာတ်ကွက် ၉ ခန်းကို ပန်းပုရုပ်လုံး ၁၃၆ ရုပ်၊ တိရစ္ဆာန် ၁၀ ရုပ်ဖြင့် ပုံဖော်ထုလုပ်ထားသည်။