ပခုက္ကူမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ စိတ်ပါဝင်စားစွာ ဆန္ဒမဲပေး

Listing Description

ပခုက္ကူ၊ နိုဝင်ဘာ ၈

ယနေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုင်ငံနှင့်အဝန်း ကျင်းပ လျက်ရှိရာ မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် စိတ်ပါဝင်စားစွာ ဆန္ဒမဲပေးကြသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက ပါတီကိုယ်စားလှယ်လောင်း များ၊ စောင့်ကြည့်လေ့လာသူများ စသည့် အသိသက်သေများ ရှေ့မှောက်တွင် မဲပုံး ချိပ်ပိတ်ခြင်း၊ မဲရုံလုံခြုံရေးကြိုးတပ်ဆင်ခြင်း များ ဆောင်ရွက်ကြပြီး နံနက် ၆ နာရီတွင် မဲရုံစတင်ဖွင့်လှစ်ကြောင်း ကြေညာရာ မဲရုံမဖွင့်မီကပင် တန်းစီ၍ လာရောက် စောင့်ဆိုင်းနေကြသည့် မဲဆန္ဒရှင်ပြည်သူများက စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးကြသည်။

ပခုက္ကူမြို့နယ်တွင် ရပ်ကွက် ၃၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၄ အုပ်စု၊ ကျေးရွာပေါင်း ၈၉ ရွာတို့တွင် မဲရုံပေါင်း ၃၅၀။ မဲဆန္ဒရှင်ပြည်သူ ၂၄၆၄၈၂ ဦးရှိကြောင်း၊ မြို့နယ်အတွင်း နိုင်ငံရေးပါတီ ခြောက်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ငါးဦး၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦး စုစုပေါင်း ၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)