မြသိန်းတန်စေတီတော်

Listing Description

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတွင် တည်ရှိသည်။ စေတီတော်ကြီး၏ မူလဘွဲ့အမည်မှာ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီးအရ ပုဂံခေတ်၊ အလောင်းစည်သူမင်းကြီး၏ ကုသိုလ် ရှင်ဖြူဘုရားရုပ်တုတော်ကို အစွဲပြု၍ ရှင်ဖြူဘုရားဟုလည်းကောင်း၊ သုဝဏ္ဏဝိမာန နိဒါန်းအရ ဆင်ဖြူဘုရားဟုလည်းကောင်း၊ ဗဒုံမင်း (ဘိုးတော်ဘုရား)လက်ထက် မင်းကွန်းပုထိုးတော်ကြီးတည်ဆောက်နေစဉ် မြေးတော် စစ်ကိုင်းမင်းသားက သက္ကရာဇ် ၁၁၆၃ ခုနှစ်၊ သက်တော် ၁၂ နှစ်အရွယ်တွင် ဘုရားဒါယကာအဖြစ်ခံယူ၍ ဤစေတီကို တည်ထားကိုးကွယ်ခဲ့ပြီး စေတီတော်တည်ဆောက်နေစဉ် ကြင်ယာတော် ဆင်ဖြူမယ်မင်းသမီး နတ်ရွာစံကံကုန်သဖြင့် အမှတ်တရအနေဖြင့် ဆင်ဖြူမယ်ဘုရား (ခ) ဆင်ဖြူရှင်ဘုရားဟုလည်းကောင်း၊ စေတီတော်ကို ဌာပနာတော်သွင်း မင်္ဂလာပြုရာတွင် ဆင်ဖြူမယ်မင်းသမီး ဝတ်ဆင်အပ်သော တစ်သိန်းတန် မြရတနာကို ဌာပနာမှုအစွဲပြု၍ မြသိန်းတန်ဘုရားဟုလည်းကောင်း ခေါ်တွင်ခဲ့သည်ဟု သိရပါသည်။ စေတီတော်သည် ဖိနပ်အချင်း ၂၁၄ တောင်၊ ဉာဏ်တော်အမြင့် ၃၂၁ ပေ ရှိသည်။ မီးတားတံတိုင်းမှာ လေးထောင့်မဟုတ်ဘဲ အဝိုင်းဖြစ်သည်။ စေတီတော်သည် မြင့်မိုရ်တောင်အား တောင်ခုနှစ်လုံး ဝန်းရံထားသည့်ပုံစံ ရည်ရွယ်ဆောက်လုပ်ထားခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျားဗားကျွန်းတွင်တည်ရှိသော ဗောရောဗုဓောစေတီတော်ကြီးနှင့် ဤမြသိန်းတန် စေတီတော်ကြီးတို့သည် လေးဒေါင့်၊ အဝိုင်းသဏ္ဌာန်မှလွဲ၍ တည်ဆောက်ပုံ ရည်ရွယ်ချက် တူညီသည်ဟု သိရသည်။ သက္ကရာဇ် ၁၂၀၀ ပြည့်နှစ် (ခရစ်နှစ် ၁၈၃၈) တွင် ငလျင်ဒဏ်ကြောင့် စေတီတော်ကြီးပျက်စီးချို့ယွင်းခဲ့ရာ မင်းတုန်းမင်းတရားကြီးက ထပ်မံပြုပြင် လှူဒါန်းခဲ့သည်။ သက္ကရာဇ် ၁၃၅၀ ခုနှစ်၊ တပေါင်းလပြည့်နေ့ (ခရစ်နှစ် ၁၉၉၇ ခုနှစ် မတ်လ ၂၃ ရက်) နေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နေ ဦးမြို့-ဒေါ်ပြုံး၊ သမီး မခင်ဌေးမြင့်၊ ပင်းတယမြို့နေ ဦးဘမော်-ဒေါ်သိန်းမြ မိသားစုတို့က နှစ်ပေါင်းကြာညောင်း၍ ဟောင်းနွမ်းပျက်စီးနေသော ထီးတော်ကြီးကို ကြေးထီးတော်ဖြင့် ရွှေသင်္ကန်းကပ်၍ အသစ်တင်လှူ ပူဇော်ခဲ့ကြသည်။