မဟာလောကမုနိန်ကြေးသွန်းဘုရားကြီးနှင့် တံကဲတော်

Listing Description

မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ရိုက်စုရပ်ကွက်၊ ဘုရားကြီးကျောင်းတိုက်အတွင်း တည်ရှိသည်။ ဆင်းတုတော်ကြီးသည် ဉာဏ်တော်အမြင့် ဉာဏ်တော်အမြင့် ၉ တောင် ၂ မိုက်ရှိပြီး မြန်မာသက္ကရာဇ် ၁၂၆၂ ခုနှစ် တန်ခူးလဆုတ် ၃ ရက်(၁၉၀၀ ပြည့်နှစ် ဧပြီလ ၁၆ ရက်) တနင်္လာနေ့တွင် သွန်းလုပ်ပြီးစီးခဲ့သည်။ ဘုရားကြီး၏ မတည်အလှူရှင်သည် ကနောင်မြို့၊ မြောက်ရပ်မှ ဦးရွှေကျမ်းနှင့် ဒေါ်လုံမတို့ဖြစ်သည်။ ဆင်းတုတော်ကြီးကို ကြေးပိဿာချိန် ၄၀၀၀ ဖြင့် သွန်းလုပ်ခဲ့ရာ တန်ဖိုးငွေ ဒင်္ဂါး ၆၀၀၀ နှင့် ဘင်ပိဿာချိန် ၁၀၀၀၊ တန်ဖိုးငွေ ဒင်္ဂါးကျပ် ၂၀၀၀ ကုန်ကျခဲ့သည်။ ဘုရားကြီး မျက်နှာတော်ကို သွန်းလောင်းချိန်တွင် ရွှေငွေ ရတနာများကို ထည့်သွင်းခဲ့ပြီး ကြေးသွန်းလုပ်အားခ ၂၂၅၀ ကျပ်ဖြစ်သည်။ ဘုရားကြီးကျောင်းတိုက်အတွင်းသွန်းလုပ်ခဲ့သည့် ဆင်းတုတော်ကြီး ကို ပလ္လင်ပေါ်သို့ ပင့်ဆောင်ခ ၃၀၀ ကျသင့်ခဲ့သဖြင့် စုစုပေါင်း ငွေဒင်္ဂါး ၁၀၅၅၀ ကုန်ကျခဲ့သည်။ ဆင်းတုတော်ကြီး၏ ကျောဘက်ရှိ တံကဲတော်သည်လည်း အလွန်လက်ရာမြောက်သည့် မြန်မာမှု လက်ရာတစ်ခုဖြစ်သည်။ ယမနေသားဖြင့် ပြုလုပ်ထားသည့် တံကဲတော်ကြီးသည် အမြင့် ၁၈ ပေ ၈ လက်မ၊ အကျယ် ၁၅ ပေ ၃ လက်မနှင့် အထူ ၆ လက်မ ရှိကာ အထပ်လေးထပ်တွင် ဗုဒ္ဓဝင်ဇာတ်ကွက်များကို ထုလုပ်ထားသည်။ တံကဲတော်ကြီးကို ကျောင်းကုန်း ပြည်လုံးချမ်းသာဘုရားတံကဲတော်သီဟိုဠ်ရှင်ဘုရားတံကဲတော်နှင့် ရွှေကူမြတ်စွာဘုရားတံကဲတော်တို့ကို ထုလုပ်ခဲ့သော တံကဲပညာရှင် ဦးကံကြီးနှင့် သားဦးတေတို့က သုံးနှစ်ကြာ ထုလုပ်ခဲ့ကာ လက်ခငွေ ဒင်္ဂါး ၃၀၀၀ ကျပ် ကုန်ကျခဲ့သည်။ တံကဲတော်၏အရှေ့ ဘက်ခြမ်းတွင် ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ကြာချီလုပ်ခန်း၊ အနောက်ဘက်ခြမ်းတွင် ဝိဓူရဇာတ်တော်လာ ဇာတ်ကွက်အချို့နှင့် တံကဲတော်၏ထိပ်ပိုင်းတွင် မဟာဇနကဇာတ်တော်ကို ထွင်းထုထားသည်။